Saturday, June 15, 2019

ရေကူးကစားသမားများ မူလစံချိန်ထက်တိုးတက်လာရေးရည်ရွယ်၍ နည်းပြသစ်ခေါ်ယူခဲ့ခြင်းဖြစ်ဟု ဆို

ရေကူးကစားသမားများလက်ရှိရထားသောစံချိန်များထက် တိုးတက်လာရေးရည်ရွယ်ပြီး နည်းပြသစ် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးထွန်းမြင့်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာရေကူးအသင်းမှ ကစားသမားအများစု၏ မိဘများကအဖွဲ့ချုပ်မှ ခန့်အပ်ထားသည့် နည်းပြဖြင့် မလေ့ကျင်လိုဘဲ ၄င်းတို့ ပုံမှန်လေ့ကျင့်နေသည့် နည်းပြဖြင့်သာလေ့ကျင်နေလိုကြောင်း တောင်းဆိုနေကြသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။



“ ကျွန်တော်တို့က အဓိကကနည်းပြတစ်ယောက်ရဲ့စံချိန်စံညွှန်းကိုကြည့်ပြီး လက်ရှိကလေးတွေရဲ့ စံချိန်တွေ ယခင်ထက် ပိုကောင်းလာအောင် လေ့ကျင့်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ခန့်အပ်တာပါ။ အခုကလေးတွေရဲ့ စံချိန်ကလည်းဆီးဂိမ်းမှာတော်တော်လေးရုန်းကန်ရမယ့်အနေအထားရှိတာကြောင့် ပိုကောင်းတဲ့နည်းပြကို ခေါ်ပြီးလေ့ကျင့်ပေးတာပါ။ ဒီအတွက်လည်း ကျွန်တော်တို့ကို ဘာအခကြေးငွေမှပေးစရာမလိုပါဘူး။ မျိုးဆက်သစ်ကစားတွေရော၊ ၀ါသနာပါတဲ့သူတွေရော လာပြီးလေ့ကျင့်နိုင်ပါတယ်။ ဒါပေမဲ့ နည်းပြရဲ့ နည်းစနစ်အတိုင်းတော့ လိုက်ပါလုပ်ဆောင်ဖို့တော့လိုပါလိမ့်မယ်” ဟု မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းမြင့်ဦးက ပြောသည်။

ရေကူးအားကစားတွင် နည်းပြအပြောင်းအလဲပြုလုပ်မှုကြောင့် ဇွန်လ ၁၃ ရက်က ရေကူးအဖွဲ့ချုပ်နှင့် ကစားသမားများ၏ မိဘများအကြားအချေအတင်ဖြစ်ပွားခဲ့ကြသေးသည်။

“ အခုလေ့ကျင့်ပေးနေတဲ့ ဦးမောင်မောင်စိန်က ဂျပန်မှာလည်းဆုတံဆိပ်တွေရယူနိုင်ခဲ့သူပါ။ သူနဲ့ပဲ (၅)နှစ်လုံးလေ့ကျင့်လာတာ၊ စံချိန်တွေလည်းကလေးတွေကကောင်းခဲ့တယ်။ ဆုတံဆိပ်တွေလည်းရခဲ့တယ်။ ဒီလိုသဟဇာတဖြစ်တဲ့ နည်းပြနဲ့ပဲလေ့ကျင့်ချင်ပါတယ်။ သူတို့ကခန့်ထားတဲ့နည်းပြနဲ့ မလေ့ကျင့်လို့ဆိုပြီး ရေကူးခွင့်ပါပိတ်ပစ်တယ်။ အဲဒါကတော့ မတရားဘူးပေါ့ဗျာ”ဟု ရေကူးကစားသမားတစ်ဦး၏ မိဘဖြစ်သူ ဦးမြင့်ခိုင်က ပြောသည်။

လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် ရေကူးအားကစားမှ ပဏာမကစားသမားများကို ရွေးချယ်ထားပြီး အပြီးသတ်လူစာရင်းရွေးချယ်နိုင်ရေး လေ့ကျင့်မှုများလည်း မပြုလုပ်နိုင်ကြောင်းသိရပြီး မျိုးဆက်သစ်ကစားသမားများကိုလည်း ပြန်လည် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment