Saturday, June 15, 2019

အိမ်ပြန်ချိန်ကို မသိသေးပါ

အင်္ဂလိပ် အက္ခရာ ‘ကိုး’ နှင့် ‘ခြောက်’ ကို သူတို့၏ မျက်နှာတစ်ဖက် တစ်ချက်စီတွင် ဆေးနီဖြင့် ခပ်ထင်ထင် ရေးခြယ်ထားသည်။ အချို့က ကျောင်းစိမ်းအင်္ကျီ ခပ်နွမ်းနွမ်းနဲ့ လွယ်အိတ်တစ်လုံးစီကို လွယ်ထားသည်။ အင်္ကျီဖရိုဖရဲနှင့် ပုဆိုးအဟောင်းလေးကို ကျစ်ကျစ်ပါအောင် ၀တ်ထားသူလည်းပါသည်။ ခြေတုနှင့် ပုဂ္ဂိုလ်တစ်ဦးကတော့ လမ်းမထက်တွင် ထိုင်လျက်။ အသေအချာ ကြည့်ရင်တော့ ပါးပြင်ရှိ အနီရောင်စာသား များ အပေါ်တွင် တွဲခိုနေသည့် မျက်ရည်စများကို တွေ့နိုင်သည်။ 

ယင်းသည် ၂၀၁၉ ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့လယ်တွင်  ပြုလုပ်သည့် တေးသရုပ်ဖော်မှုအ ပြီး မြင်ကွင်းပင် ဖြစ်သည်။ မျက်နှာထက်ဆေးနီများပျက်လောက် အောင် ၀မ်းနည်းတကြီး တင်ဆက်နေသများ၌ ကချင်ပြည်နယ် စစ်ဘေး၏ ဆိုးကျိုးကို အမှန်တကယ် ခံစားနေရသူများ ပါဝင်ခဲ့သည်။

တစ်နည်းအားဖြင့် စစ်ရှောင်ပြည်သူများကို ကချင်လူငယ် အဖွဲ့က ဖိတ်ခေါ်၍ ထိုသူများ ၏ ခံစားချက်ကို ထုတ်ပြခဲ့ သည့် ‘တေးသရုပ်ဖော်’ ပွဲဟုဆို သော်လည်း သရုပ်ဖော်ချက်တိုင်း စစ်ရှောင်ပြည်သူတို့၏ မရိုးနိုင် သော အခက်အခဲများကို ထင်သာစေသည်။ အနာဂတ်အတွက်သူတို့၏ မျှော်လင့်ချက်များကို လည်း ပေါ်လွင်စေခဲ့သည်။

တစ်ကျော့ပြန် တိုက်ပွဲများ ကြောင့် ကချင်လူထုထဲက မြေစာပင်အချို့ နေရပ်စွန့်ခွာခဲ့ရသည် မှာ  ဇွန်လ ၉ ရက်တွင် (၈)နှစ်တင်း တင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ရှစ်နှစ်ကြာ တိုက်ပွဲများက ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ကို အိုးအိမ် စွန့်ခွာထွက်ပြေးစေခဲ့သည်။ ကချင်ပြည်နယ်တွင်း လူနေအိမ်များ လူသူမဲ့ခဲ့သည်။ တစ် နှစ်ထက် တစ်နှစ်များပြားလာ သည့်၊ စိန်ခေါ်မှုများသည့် စစ် ရှောင်ပြည်သူများ၏ ဘ၀ကို တဖြည်းဖြည်း ၀ါးမျိုနေဆဲ ဖြစ် သည်။

တေးသရုပ်ဖော်ပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက သူ့မိသားစုသည်ယခင်က ပျော်ရွှင်စွာ နေထိုင်ခဲ့ကြောင်း ပြောပြပြီးစစ်ပြေးချိန်၌ မည်သည့်အဖွဲ့အစည်းကမှန်းမသိ ထောင် သည့် မိုင်းတစ်ခုကြောင့် သူနှင့်သူ့သားငယ် ထိခိုက်၍ ဘ၀ပျက်ခဲ့ရပုံကို ဖွင့်ဟသည်။

‘‘ကျွန်တော် သတိရလာတဲ့အခါမှာ ကျွန်တော့်သားက ဆုံးပြီဆိုမှပဲ ကျွန်တော်လည်း အခုအချိန် ဒုက္ခိတဘ၀ ဖြစ်နေတာ။ ကျွန်တော့်အမျိုးသမီးလည်း စိတ်ဝေဒနာနဲ့ ကျွန်တော့်အမျိုးသမီးက ဒီဝေဒနာတစ်ပိုင်းနဲ့ ကျန်တဲ့ ကျွန်တော်တို့ သားအဖတွေကို သူပဲလုပ်ကျွေးတာ’’ ဟု သူကပြောသည်။ သူ၏စကားသံသည် ငိုသံစွက်နေသည်။

အိမ်ထောင်ဦးစီးဖြစ်သည့် သူသည် ဒုက္ခိတဘ၀ရောက်နေ၍ သူယခုလို ပြန်ပြောရန် အားယုတ်နေပြီဖြစ်ကြောင်းလည်း ဆိုသည်။ ‘‘ကျွန်တော်တို့ မိသားစု အရင်နေရာမှာ တအားကို ပျော်ရွှင်ပြီးမှ နေထိုင်တဲ့ မိသားစုတစ်စု ဟုတ်ပါတယ်’’ဟု သူက ကချင်သံဝဲ၀ဲဖြင့်ဖြေကြားသည်။

၂၀၁၉တွင် ကချင်ဒေသ၌ တိုက်ပွဲများအနည်းငယ် ငြိမ်သက်နေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများရှိနေသေးသလို စစ်ဘေးဒုက္ခသည်များ ရင်ဆိုင်ရသော အခက်အခဲများလည်း ယခင်နှစ်များနှင့် အနည်းငယ်ကွဲလွဲလာကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် Concern, Care and Contribute to the IDPs Now Team က မေလကုန်ပိုင်းတွင်ထုတ်ဖော်ပြောကြားသည်။

ဒုက္ခသည်များစားဝတ်နေ ရေးအဘက်ဘက်မှ လွန်စွာကျပ်တည်းလာပြီး ပညာရေး၊ လူကုန်ကူးမှုအပါအ၀င် လူမှုရေးပြဿနာများ၊ မူးယစ် ဆေးဝါးပြဿနာများ ရှိနေကြောင်း ယင်းအဖွဲ့က  ဆိုသည်။

ကချင်စစ်ရှောင်လူထု အတွက် လူ့ဂုဏ်သိက္ခာနှင့် အလုပ်အကိုင် အခွင့်အရေး ကျဆင်းလာခြင်းသည် အကြီးမားဆုံး ရင်ဆိုင်နေရသည့်  စိန်ခေါ်မှုဖြစ် ကြောင်းစစ်ရှောင်များက ဖွင့်ဟ သည်။

မြစ်ကြီးနားမြို့လယ် တေးသရုပ်ဖော်မှုတွင် ပါဝင်သည့် စစ်ရှောင်ကျောင်းသားတစ်ဦးကို သူ၏ကျောင်းသား ဘ၀နှင့်ပတ်သက် ၍ အစီအစဉ်အပြီး မေးမြန်းရာ မျက်ရည်များဝဲ၍ ပြန်ဖြေ သည်။

‘‘သူငယ်ချင်းလည်း နှိမ်တယ်။ မင်းက စစ်ပြေးပဲတဲ့။ကျောင်းမှာ မင်းနဲ့မပေါင်းချင် ဘူးတဲ့။ ဒီစစ်ပြေးဆိုတဲ့ စကားလုံးကို ဘာလို့ အဲဒီလောက်နှိမ်ရ တာလဲ။ စစ်ပြေးဆိုတော့ သူများလို ကျူရှင်လည်း မတက်နိုင်ဘူး။ အဖေလည်း မရှိဘူး။ အမေတစ်ယောက်နဲ့ပဲ စီးပွားရေးအဆင်လည်း မပြေဘူး။ ကျွန်တော့်စိတ်နဲ့ ဆို ကျွန်တော် ကျောင်းတောင် ထွက်ချင်တာပဲ’’ဟု ပြောရင်း အ ဆုံးတွင် ငိုတော့သည်။

စစ်ရှောင်လူငယ်တစ်ဦးကမူ ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်နိုင်ခြင်းဟူသည် သူအလိုချင်ဆုံးအ ရာဖြစ်ကြောင်း ဖွင့်ဟသည်။ ‘‘အပြင်ကလူတွေကို တစ်သောင်းပေးတယ်ဆိုရင် ကျွန်တော်တို့ စစ်ရှောင်ကလူတွေကို ငါးထောင်၊ဒီလိုခေါင်းပုံဖြတ်ခြင်းခံနေရပါ တယ်။ အခန်းကျဉ်းကျဉ်းလေးမှာ တစ်စက္ကန့်တောင် မနေချင်ဘူး။ ကိုယ့်ရဲ့ရပ်ရွာ ကိုယ့်ရဲ့ဒေသကို ပြန်ချင်တာပေါ့’’ဟု သူက ဆို သည်။

‘‘စစ်ရှောင်လာရတဲ့ အချိန်မှာ အကြာကြီး ရှောင်ရမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုရှစ်နှစ်တောင်ရှိသွားပြီဆိုတော့ ကျွန်တော်တို့အတွက်က အရမ်းကို အမှောင်လောကကို ရောက်နေပြီလို့ ခံစားရတယ်’’ ဟု ဂျာမိုင်ကောင်း စစ်ရှောင်စခန်း မှ ကိုမျိုးဆန်က ဖွင့်ဟသည်။

စစ်ရှောင်ပြည်သူများသည် နေရပ်ပြန်ချင်သော်လည်း ခြိမ်းခြောက်မှုနှင့် ပြန်ခြင်းမျိုးမဟုတ်ဘဲ နှစ်ဖက်အပစ်အခတ် လုံးဝရပ်စဲ၍ ဘ၀အာမခံချက်ရှိရှိဖြင့် နေရပ်ပြန်ခြင်းမျိုးကို လိုလားသည်ဟု ကိုမျိုးဆန်က ပြောသည်။

‘‘ကျွန်တော်တို့ လူ့ဂုဏ်သိက္ခာနဲ့အညီ အိမ်ကိုပြန်ချင် တယ်။ အဲဒီလို ပြန်ချင်လို့ အစိုးရကိုလည်း ကျွန်တော်တို့ တောင်းဆိုချင်တယ်။ အစိုးရဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မဲပေးမှ အစိုးရ ဖြစ်လာတဲ့အတွက် ပြည်သူတွေ တောင်းဆိုတဲ့ဟာကို အစိုးရကနေ ဦးတည်ပြီးမှ လုပ်ပေးရမယ်လို့ ကျွန်တော်ထင်တယ်’’ဟုလည်း သူက မှတ်ချက်ပြုသည်။

7 Day က မေးမြန်းခွင့်ရသည့် စစ်ရှောင်ပြည်သူအချို့က နောင် နှစ်တွင် စစ်ဘေးရှောင်ရခြင်း ကိုးနှစ်ပြည့် အခိုက်အတန့်ကို မရောက်လိုကြောင်း တညီတညွတ်တည်း သဘောထားပေး သည်။

စစ်ဘေးရှောင် ပြည်သူများကို ကူညီပေးနေသည့် အဖွဲ့အစည်းများ ပါဝင်သော JST အဖွဲ့ကမူ ရေရှည်အတွက် အဖွဲ့၏ မူဝါဒ ချမှတ်ရာတွင် စစ်ရှောင်များ၏ အလားအလာနှင့်ပတ်သက်၍ ခန့်မှန်းချက် တစ်ခုပြုလုပ်ထားသည်။

ယင်းခန့်မှန်းချက်တွင် စစ်ရှောင်ပြည်သူများအနေဖြင့် အ သက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှာဖွေလာနိုင်သ လို နေရပ်ပြန်ရန်နှင့် ပြန်လည်နေရာချထားရန် မက်လုံးပေးခြင်း နှင့် ဖိအားပေးခံရခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စားနပ်ရိက္ခာ အထောက်အပံ့များ လျှော့ချ ဖြတ်တောက်လာခြင်းသည် ပြင်ပသို့ထွက်ခွာ၍ အသက်မွေးဝမ်း ကျောင်းမည့်သူများကို တိုးပွားလာစေသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ပိုမိုတိုးပွားလာနိုင် ကြောင်း ပါဝင်သည်။ စစ်ရှောင်များ၏ မြေယာဆိုင်ရာ ရပိုင်ခွင့်အခွင့်အရေးများကို လက်လွတ် ဆုံးရှုံး သွားနိုင်သလို မြေယာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ရှောင်များအကြား အငြင်းပွားမှု မြင့်တက်လာနိုင်သည်ဟု  ခန့် မှန်းထားသည်။

လက်နက်ကိုင် ပဋိပက္ခသည်ဆက်လက် ဖြစ်ပွားနေဦးမည်ဖြစ် ကာ ရေရှည်ကြည့်ပါက စီးပွားရေးလွှမ်းမိုးမှုများ ပိုမိုဖြစ်ပေါ်လာ နိုင်ကြောင်း၊ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း၊ စစ်ရှောင်စခန်း များရှိ ပြည်သူများ၏ ဘဝသည် တောင့်မခံနိုင်လောက်သည် အထိ ဆက်လက်ဆုတ်ယုတ်ပျက်စီး လာမည်ဟု JST ၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွက် ရေးဆွဲထားသော လူသားချင်း စာနာထောက် ထားရေး မဟာဗျူဟာတွင် သုံးသပ်ထားသည်။

အမိုးအကာ ယိုယွင်းနေသော အခန်းကျဉ်း၌ နေထိုင်ရ သည့် စစ်ဘေးရှောင်လူငယ်၊ လူရွယ်များသည် မိသားစု အဆင်မ ပြေမှု၊ ၀မ်းရေး ခက်ခဲမှုတို့ကြောင့် စခန်းပြင်ပသို့ထွက်၍ အလုပ်ရှာဖွေနေရသည်။  ထိုလူငယ်များအ နက် အချို့သည် လူကုန်ကူးခံရ သည်များရှိနေရာ ယင်းသည် စစ်

ဘေးရှောင် ဒုက္ခသည်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်းလည်း JST ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် အမျိုးသမီးငယ်များ တရုတ်နိုင်ငံသို့  ‘သတို့ သမီး’ အဖြစ် လူကုန်ကူးခံရနိုင် သည့် အခြေအနေ မြင့်မားနေ ကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)၏ နှိုးဆော်ချက်ရှိထားသည်။

ကချင်ပြည်နယ်တွင် လက်ရှိတိုက်ပွဲများ မရှိသလောက် နည်းပါးနေကာ အပစ်ရပ်စဲရေးလည်း ဆွေးနွေးညှိနှိုင်းမှုများ စတင်နေသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်ရေးတပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ မှတ်ချက်ပြုမှုက ကွဲလွဲနေသည်။

အပစ်ရပ်စဲရေးကာလအ တွင်းစစ်ရှောင်စခန်းများ ရုပ်သိမ်း ၍ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး၊ ၎င်းတို့၏ ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက် နိုင်ရေးအစိုးရနှင့် တပ်မတော် ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ထိုလုပ်ငန်းစဉ် ပိုမိုတိုးတက်မှုရှိစေရေး နယ်မြေခံပြည်သူလူထုနှင့် တိုင်းရင်းသားအဖွဲ့များအနေဖြင့် အချက်နှစ်ချက် လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

‘‘အဓိက လိုအပ်တာက ဒီလုပ်ငန်းစဉ်အပေါ်မှာ ပိုမိုတိုးတက်မှု ရရှိစေရေး နယ်မြေခံပြည်သူလူထုနဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့က ပထမအချက်က တော့ KIA အဖွဲ့ကို ထာဝရငြိမ်း ချမ်းရေး ရရှိစေမယ့် ရေရှည်တည်တံ့ ခိုင်မြဲစေမယ့် လမ်းကြောင်း ပေါ်ကို လျှောက်လှမ်းလာဖို့အ တွက် အားပေးဖို့ပေါ့နော်။ ဒုတိယအချက်အနေနဲ့ကလည်း ငြိမ်းချမ်းရေး ရေရှည်တည်တံ့ ခိုင်မြဲနိုင်မယ့် လုပ်ငန်းစဉ်မှာ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက် လာဖို့ လိုတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှုအခြေအနေကို လက်တွေ့ရလဒ်များအပေါ်တွင် ကြည့်၍ ဆုံးဖြတ်သင့်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။

‘‘လက်တွေ့ရလဒ်ကတော့ ထိတွေ့တိုက်ပွဲ မရှိသလောက် နည်းတယ်။ IDP စခန်းတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေး နိုင်တာတွေ ရှိတယ်။  ဒါဟာ လက်တွေ့ရလဒ်ကလည်း တိုးတက်မှုရှိတယ်။ အကြောင်းအရာတွေက လည်း တိုးတက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်ဗျ’’ ဟု သူက ပြော သည်။

လက်ရှိတွင် တိုက်ပွဲများ ရှောင်လွှဲနိုင်စပြုပြီဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် တိုးတက်ရေး နှစ်ဖက်စလုံးကဆောင်ရွက်ရန်နှင့် ပြည်သူလူထုက  ၀ိုင်းဝန်းကူညီရန်လိုအပ် ကြောင်း တပ်မတော်ပြောရေး ဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

ကချင်လက်နက်ကိုင် အဖွဲ့ (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကမူ အပစ်ရပ် စဲရေး ဆွေးနွေးညှိနှိုင်းမှုတွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း

ထုတ်ဖော်ပြောကြားသည်။

‘‘ငြိမ်းချမ်းရေးဖြစ်ဖို့ကတော့ ကျွန်တော်တို့ KIO လည်း လိုလား တာပေါ့။ စစ်ပွဲရပ်ဖို့ကတော့ တပ်မတော်မှာ အဓိကမူတည်တယ်လို့ ပြောလိုတာပေါ့’’ ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူက  ပြော သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းစစ်ရှောင်ဦးရေခြောက်သောင်းဝန်းကျင်ရှိကြောင်း ၎င်းကခန့်မှန်း ပြောကြားသည်။ KIO အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ စစ်ရှောင်ပြည်သူ များကို တတ်နိုင်သည့် နည်းဖြင့် ကူညီပေးကြောင်းနှင့် နေထိုင်၊ စားသောက်ရေး  အတတ်နိုင်ဆုံး ဆောင်ရွက်ပေးကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူက ဆို သည်။

‘‘ဒါတွေက ပြည်သူလူထုတွေ တော်တော်များများ ခံစားနေရတာ။ နောက်ဆုံးပိုင်းမှာတော့ သူတို့ရဲ့ ခြံတွေ၊ လယ်တွေ၊ သူတို့အိမ်တွေ၊ ရွာတွေက ပျောက်သွားမလိုလို ဖြစ်နေတာပေါ့။ အစိုးရကလည်း စီးပွားရေးသမားတွေကို ငှားပေးတာတွေ၊ ရောင်းပေးတာ တွေ၊ သတ်မှတ်ပေးတာတွေ ရှိတယ်။ ဒါတွေကတော့ ပြည်သူလူထုတွေအတွက်တော့ ဆုံးရှုံးမှုတွေဖြစ် လာတာပေါ့’’ဟု ၎င်းက ဆို သည်။

ရှစ်နှစ်အတွင်း စစ်ရှောင်ပြည်သူများ စားဝတ်နေရေးနှင့် နေရာထိုင်ခင်း အခက်အခဲ ရှိသည်ကိုမူ KIO / KIA ပြောရေးဆိုခွင့် ရှိသူက လက်ခံသည်။ ရှစ်နှစ်အတွင်း စစ်ရေးအရ ဆောင်ရွက် ခြင်းဖြစ်၍ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များတွင်လည်း ထိခိုက်ကျ  ဆုံးမှုများရှိသကဲ့သို့နယ်မြေခံ တိုင်းရင်းသားများတွင်လည်းထိ ခိုက်နစ်နာမှုများ ရှိခဲ့သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေး နေသည့် တစ်ဖက်တွင် နှစ်ရှည်လများ နေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်ရမှုကြောင့် ပေါ်ပေါက်လာခဲ့သည့် နာတာရှည်လူမှုရေး ကိစ္စရပ်များ (စိတ်ဒဏ်ရာ၊ မူးယစ်ဆေး ဝါး မှီခိုစွဲလမ်းမှု စသည်ဖြင့်)ကိုကိုင်တွယ်ဖြေရှင်းရန် လိုနေကြောင်း JST က အခိုင်အမာ ဆိုသည်။

အထူးသဖြင့် ထိခိုက်နိုင်ခြေ အမြင့်မားဆုံး အုပ်စုများဖြစ်သည့် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းသူများနှင့် မူးယစ်ဆေး ဝါးဒဏ်သင့်သူများကဲ့သို့ လူ ထုလူတန်းစားများကို အထူးတလည်  အလေးပေးအာရုံစိုက်သင့်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ လူသားချင်း စာနာထောက်ထားရေး အကူအညီနှင့် ဂုဏ်သိက္ခာပြည့်ဝသည့် ဘ၀များရရှိ အောင် ဆောင်ရွက်ပေးရန်လည်း အရေးကြီးသည်ဟု မှတ်ချက် ပြုသည်။

နေထိုင်စရာနှင့် တစ်ကိုယ် ရေ သန့်ရှင်းရေးကဲ့သို့ စခန်း တွင်း အခြေအနေများ တိုးတက်ကောင်းမွန်လာအောင် ကိုင်တွယ်ဖြေရှင်းပေးခြင်းဖြင့် စခန်းနေဘဝများ ဂုဏ်သိက္ခာရှိလာပြီး  လူတစ်ဦးချင်းစီ၏  ကိုယ်ပိုင် လက္ခ ဏာ ရပ် ကို လေးစားအသိအမှတ်ပြုခံလာရမည်ဖြစ်ကြောင်းဖော်ပြသည်။ စစ်ရှောင်စခန်းအတွင်း  အရေးယူဆောင်ရွက်ရသည့် ကိစ္စရပ်အားလုံး၌ သာမကမည်သည့်အစီအစဉ်၌မဆို ပညာရေးသည်  ထိပ်တန်းဦးစားပေးဖြစ်လာသည်ဟုဆိုသည်။

မြစ်ကြီးနားမြို့လယ်က တေးသရုပ်ဖော်မှု၏ အစပိုင်းတွင်  ‘‘အင်မတန်လှပတဲ့ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ဓလေ့ထုံးစံကို အမြဲတမ်း သတိရ နေမိပါတယ်’’ ဟု အစီအစဉ် တင်ဆက်သူက ဖွင့်ဟစဉ်  ကချင်ပြည်နယ်၏ ၂၀၁၁ မတိုင်မီကာလများဆီ က ပုံရိပ်များပရိသတ်ကို မြင်ယောင်စေသည်။ အဖြူ၊ အစိမ်းဝတ် ကျောင်းသားကလေးများ ဘောလုံးကစားနေဟန်နှင့် ဟင်းစားရှာထွက်သည့် ကချင်တောင်သူ အချို့၏ပျော်ရွှင်မှုကို သရုပ် ဖော်သည်။  ကြိုးခုန်နေသည့် မိန်းကလေးငယ်များ၏ မျက်နှာများကလည်း ရွှင်လန်းလျက်။ 

ယင်းအခြေအနေသည် တေးသရုပ်ဖော်မှုတွင် သုံးမိနစ်ခန့်သာ ကြာသည်။ ပစ်ခတ်သံများ ထွက်လာတော့ တောင်သူများ၊ ကျောင်းသားများထဲက အချို့ လမ်းပေါ်တွင် အတုံးအရုံး လဲကျတော့သည်။ နေအိမ်များသည် မီးလောင်ပြင်ကဲ့သို့ ဖြစ်ပုံကိုလည်း နောက်ခံစကားပြောသူက ပြောပြနေသည်။ အဆိုပါ တေးသရုပ်ဖော်မှုသည် ပျော်ရွှင်စွာ ဇာတ်မသိမ်းသွားခဲ့ချေ။ လမ်းပေါ်တွင် အတုံးအရုံး လဲကျနေသူတို့ ၏၀ိညာဉ်များ၏ငြိမ်းချမ်းရေး တောင့်တသံဖျော်ဖြေမှုဖြင့်သာ အဆုံးသတ်ထားရသည်။

နေရပ်စွန့်ခွာရင်း မီးဖွားခဲ့ရ သည့် သားသည်မိခင်တစ်ဦးကမူ ရှစ်နှစ်ကြာ အိမ်ဝေးခဲ့မှုနှင့်ပတ်သက်၍ သူရင်ဆိုင်ရသည့် စိန်ခေါ်မှုတစ်ခုကို အောက်ပါအတိုင်း ဖွင့်ဟသည်။   ‘‘ဘယ်အချိန် အိမ်ပြန်ရမှာ လဲတဲ့။ သားကတော့ မေးပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အဲဒီမေးခွန်းကို ဖြေတတ်ဖို့ အဖြေမရှိသေး ဘူး’’ဟူ၍။

No comments:

Post a Comment