Saturday, June 15, 2019

လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်၏အယူခံကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံထား

ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်၏အယူခံလျှောက်ထားခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံထားကြောင်း သိရသည်။ြ ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ချမှတ်လိုက်သည့်အမိန့်အပေါ် တရားမကြောင်းအရ အခွင့်အရေး ဆုံးရှုံးခဲ့သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇွန်လ ၁၂ ရက်က တင်ခဲ့ခြင်းဖြစ်သည်။

“ ကော်မရှင်ကလက်ခံပါတယ်။ ဖုန်းနဲ့ရော၊ စာနဲ့ရော ပြန်အကြောင်းပြန်မယ်လို့ ပြောပါတယ်။ တရားမှုအတိုင်း ငါတို့တောင်းဆိုခဲ့တဲ့အတိုင်းမရခဲ့တဲ့အခွင့်အရေးလေးတွေကို ပြန်တောင်းတာပါ” ဟု ဦးနေမျိုးအောင်က ပြောသည်။

ဦးနေမျိုးအောင်သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ချေးငွေလုပ်ငန်းဆောင်ရွက်ခြင်း၊ ဘာသာရေး အကြောင်းပြုပြီးမဲဆွယ်စည်းရုံးခြင်း စသည့်တရားမဲ့ပြုကျင့်သည်ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသန်းထိုက်အောင်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မေလ ၃၀ ရက်က ဦးသန်းထိုက်အောင်ကိုအနိုင်ပေးသည့်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ အယူခံတင်ပြီးလက်ခံထားပါတယ်။ အယူခံလျှောက်လဲချက်ပေးရမယ့်ရက်နဲ့ အမိန့်ချမှတ်မယ့်ရက်ကိုလည်း ချိန်းပြီးပါပြီ။ ဒီအတိုင်းပြောရင် ရက်မှားသွားမှာဆိုးလို့ပါ။ ဒီအယူခံကတော့ နောက်ဆုံးပေါ့။ Yes or No ပေါ့။ မူလအမိန့်အတိုင်း အတည်ပြုရင်တော့ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ရမှာပေါ့။ အတည်မဟုတ်ဘူး ဆိုရင်တော့ ကိုယ်စားလှယ်ပါပဲ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှသိန်းက ပြောသည်။
သို့သော် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ လွှတ်တော်ကိုယ်စားအဖြစ်တရားဝင်ရပ်ဆိုင်းခြင်းမရှိသရွေ့ ဦးနေမျိုးအောင်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်ရှိနေသေးကြောင်း သိရသည်။

ဦးနေမျိုးအောင်မှာ ၂၀၁၁ ခုနှစ်ကအထွေထွေရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်ကအနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကော်ပွဲတွင်ရှုံးနိမ့်ကာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရှုံးနိမ့်ခဲ့သူဖြစ်သည်။

No comments:

Post a Comment