Saturday, June 15, 2019

ထိုင်သပိတ်ကို ဖြိုခွင်းမှုတွင် အမှားအယွင်းရှိခဲ့ဟု ဆူဒန်စစ်တပ်ဝန်ခံ

အမေရိကန်နှင့် အာဖရိကသံအမတ်များက ဆူဒန်၏ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းပေးရန်အတွက် ကြိုးပမ်းနေကြစဉ် လူပေါင်းဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည့် ခါတွန်မြို့တွင်း ထိုင်သပိတ်တစ်ခုကို အင်အားသုံးဖြိုခွင်းခဲ့မှုတွင် အမှားအယွင်းများရှိခဲ့သည့်အတွက် နောင်တရမိကြောင်း ဆူဒန်အာဏာသိမ်း စစ်တပ်ကောင်စီက ဇွန် ၁၃ ရက်တွင် ပထမဆုံးအကြိမ် ဝန်ခံပြောကြားခဲ့သည်။



ဆူဒန်ဆန္ဒပြသူများသည် မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်တွင် သီတင်းပတ်များစွာကြာ ထိုင်သပိတ်ပြုလုပ်၍ သမ္မတဟောင်းအိုမာအယ်ဘာရှား ရာထူးမှ နုတ်ထွက်ပေးရန် ပထမဆုံးတောင်းဆိုမှု လုပ်ဆောင်ခဲ့သည်။ ဘာရှားအားစစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်တွင်မူ ဆန္ဒပြသူများက နိုင်ငံ့အာဏာကို အရပ်သားအုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးရန် ထိုင်သပိတ်ပြုလုပ်ကာ စစ်တပ်ကောင်စီအား တောင်းဆိုခဲ့ကြသည်။

ထို့သို့ ငြိမ်းချမ်းစွာ ထိုင်သပိတ်ပြုလုပ်၍ တောင်းဆိုခဲ့ကြသော်လည်း ဆန္ဒပြခေါင်းဆောင်များနှင့် ဆူဒန်စစ်တပ်အကြီးအကဲများအကြား ဆွေးနွေးပွဲများ ပျက်ပြားခဲ့ပြီး နောက် ဇွန် ၃ ရက်တွင် စစ်ဝတ်စုံများ ဝတ်ဆင်ထားသော လက်နက်ကိုင်ပြည်သူ့စစ်များသည် ထိုင်သပိတ်စခန်းသို့ ရောက်ရှိလာပြီး ဖြိုခွင်းမှုလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ ဖြိုခွင်းမှုအတွင်း လူပေါင်း ၁၂၀ ထိ သေဆုံးခဲ့သည်ဟု ဆရာဝန်များက ပြောကြားထားကာ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနကမူ သေဆုံးသူအရေအတွက် ၆၁ ဦးရှိကြောင်း ဆိုသည်။

“ထိုင်သပိတ်ကို ဖြိုခွင်းဖို့ စစ်ကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်သပိတ် ဖြိုခွင်းမယ့်အစီအစဉ်ကို လုပ်ဆောင်ဖို့ တပ်မှူးတွေကို ကျွန်တော်တို့ အမိန့်ပေးခဲ့တယ်။ အဲ့အစီအစဉ်ကို သူတို့လုပ်ဆောင်ခဲ့ကြတယ်။ ပြီးလည်းပြီးမြောက်ခဲ့ပါတယ်။ ဒါပေမယ့် အမှားအယွင်းအချို့ဖြစ်ပေါ်ခဲ့တဲ့အတွက် ကျွန်တော်တို့ နောင်တရမိပါတယ်” ဟု စစ်တပ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ရှမ်စီဒင်းခါဘာရှီက ပြောကြားခဲ့သည်။

ထိုင်သပိတ်ဖြိုခွင်းမှု အစီအစဉ်သည် မူးယစ်ဆေးရောင်းဝယ်သူအများစု နေထိုင်ကြသော ခါတွန်ရှိ နိုင်းမြစ်ဘက်ခြမ်းဧရိယာကို ရှင်းလင်းရေးလုပ်ဆောင်ရန်အတွက် ဖြစ်သော်လည်း ဖြိုခွင်းမှုအတွင်း မလိုလားအပ်သည့် အမှားအယွင်းများ ဖြစ်ပွားလာခဲ့ခြင်းအတွက် နောင်တရမိကြောင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် ခါဘာရှီက ပြောကြားခဲ့သည်။

ထိုင်သပိတ်ဖြိုခွင်းမှုအတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုအား စုံစမ်းစစ်ဆေးထားသည့် ရလဒ်များကို ဇွန် ၁၅ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်တပ်ကောင်စီကို ဆန့်ကျင်၍ အာဏာသိမ်းရန်ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း ယင်းတို့ကို မကြာသေးမီရက်များအတွင်း တားဆီးလိုက်နိုင်ခဲ့ကာ အာဏာသိမ်းရန် အစီအစဉ်ချနေသည့် အဖွဲ့နှစ်ဖွဲ့မှ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ခါဘာရှီက ဆိုသည်။

အရပ်ဘက်အုပ်ချုပ်ရေးကို တောင်းဆိုရန် နိုင်ငံတစ်ဝန်းလူထုဆန္ဒပြပွဲကို လုပ်ဆောင်ခဲ့ကြသော ဆူဒန်ဆန္ဒပြသူများသည် ၎င်းတို့၏ ဆန္ဒပြမှုကို အဆုံးသတ်ကာ စစ်တပ်အကြီးအကဲများနှင့်ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရန် ဇွန် ၁၁ ရက်တွင် သဘောတူခဲ့ကြသည်။ ထိုသို့ သဘောတူခဲ့ကြပြီးနောက်တွင် ခါဘာရှီ၏ ပြောကြားချက်များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမှုများရပ်ဆိုင်းသွားပြီဖြစ်သော ခါတွန်မြို့လယ်တွင် ယာဉ်အသွားအလာများဖြင့် ပြန်လည်စည်ကားလာပြီဖြစ်ကာ ရွှေဆိုင်အချို့သည်လည်း ဇွန် ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း၊ သုံးရက်ကြာ အိမ်ပြင်မထွက်ရဲဖြစ်နေခဲ့ကြသည့် ဒေသခံများနှင့် ရုံးဝန်ထမ်းများသည်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment