Saturday, June 15, 2019

ဆန္ဒပြမှုတွေကြောင့် တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်း ကိစ္စကို ဟောင်ကောင် အစိုးရ ရွှေ့ဆိုင်း

ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြမှုတွေ ကြုံခဲ့ရတဲ့နောက် အငြင်းပွားစရာ ဖြစ်နေတဲ့ တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်း ကိစ္စကို ဟောင်ကောင် အစိုးရက ရွှေ့ဆိုင်းလိုက်ရပါတယ်။ တရုတ် လက်အောက်မှာ ရှိပေမယ့် ကိုယ်ပိုင် နိုင်ငံရေး စနစ်နဲ့ ရပ်တည်နေတဲ့ ဟောင်ကောင်မှာ တရုတ် အစိုးရနဲ့ တရားခံ လွှဲပြောင်းရေးကိစ္စ အကောင်အထည်ဖော်မယ့် အစိုးရရဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း လူပေါင်း သိန်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။



ဇွန်လ ၁၅ ရက်မှာတော့ ဟောင်ကောင် အစိုးရ ခေါင်းဆောင် ကယ်ရီလမ်က တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်း ဆွေးနွေးမယ့် ကိစ္စကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ တရုတ်နဲ့ ဟောင်ကောင်ကြား တရားခံ လွှဲပြောင်းရေး သဘောတူညီမှု ရယူဖို့ ကိစ္စအတွက် လူ့အဖွဲ့အစည်း အတွင်းမှာ စိတ်ဝမ်းကွဲမှုတွေ အများကြီး ရှိခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ လမ်က ပြောပါတယ်။

ဟောင်ကောင် အစိုးရ နောက်ပြန်ဆုတ်သွားတာဟာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တဲ့ ဟောင်ကောင် ပြည်သူတွေ အတွက်တော့ အောင်ပွဲတစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံး ဖြစ်ဖို့ စဉ်းစား လုပ်ဆောင်ခဲ့ပေမယ့် လူထုနဲ့ သဘောထား ကွဲလွဲမှုကို လက်ခံဖို့ လိုကြောင်း လမ်က သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

တရုတ်နဲ့ ဟောင်ကောင်ကြား တရားခံ လွှဲပြောင်းရေး သဘောတူညီမှုကို အခွင့်အရေးယူပြီး ဟောင်ကောင်က နိုင်ငံရေး လှုပ်ရှားသူတွေကို တရုတ် အစိုးရက ဖိနှိပ် ဖမ်းဆီးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို အခြေပြုပြီး ဆန္ဒပြ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာတာပါ။ အထူးသဖြင့် ဟောင်ကောင်ရဲ့ မျိုးဆက်သစ် လူငယ်ပိုင်းက တရုတ်အပေါ် ယုံကြည်မှု နည်းပါးနေတယ် ဆိုတာကို အခု ဆန္ဒပြပွဲတွေက ထင်ရှား မြင်သာစေခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေဟာ ဇွန်လ ၁၆ ရက်မှာ နောက်ထပ် ပြည်သူ့အင်အား အလုံးအရင်းနဲ့ ဆန္ဒပြကြဖို့ ဆော်ဩ တိုက်တွန်းနေတာကြောင့် ဆန့်ကျင်မှုတွေ ပိုမို ပြင်းထန်မလာခင် တစ်ရက် အလိုမှာ လမ်က အလျှော့ပေးလိုက်တာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ လမ်ဟာ တရားခံ လွှဲပြောင်းရေးဆိုင်ရာ ဥပဒေကို ရွှေ့ဆိုင်းလိုက်တာသာဖြစ်ပြီး အစီအစဉ် ဖျက်သိမ်းတာ မဟုတ်တဲ့အတွက် အချိန်ကာလ တစ်ခုအတွင်းမှာ ပြန်လည် အစပျိုးလာမှာ စိုးရိမ်နေပါတယ်။

တရုတ် အစိုးရကို လိုလားသူ တစ်ဦးဖြစ်တဲ့ လမ်ဟာ ပြည်သူ့ အုံကြွမှုတွေ မြင့်တက်လာတဲ့နောက် ဇွန်လ ၁၄ ရက် ညပိုင်းက တရုတ်-ဟောင်ကောင် နယ်စပ်မှာရှိတဲ့ ဟန်ဇမ်းမြို့မှာ တရုတ် အစိုးရ ထိပ်တန်း အရာရှိ တချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment