Saturday, June 15, 2019

ကမ္ဘာ့ကုန်သွယ်ရေး စိုးရိမ်မှုများကြောင့် ၂၀၁၉ ခုနှစ် ရေနံဝယ်လိုအားခန့်မှန်းချက်ကို IEA က လျှော့ချ

ကမ္ဘာ့ကုန်သွယ်ရေးအလားအလာ ပိုမိုဆိုးရွားမှုကြောင့် ၂၀၁၉ ခုနှစ်အတွက် ရေနံဝယ်လိုအားသည် တိုးတက်မှုနှေးကွေးနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ IEA က ဇွန် ၁၄ ရက်တွင် ခန့်မှန်းခဲ့သည်။ စီးပွားရေးတွန်းအားပေး အစီအစဉ်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စီးပွားရေး တိုးတက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရေနံဝယ်လိုအား မြင့်တက်လာနိုင်ကြောင်းလည်း IEA က ခန့်မှန်းခဲ့သည်။ ပါရီအခြေစိုက် IEA က ၂၀၁၉ ခုနှစ်အတွက် ရေနံဝယ်လိုအား တိုးတက်မှုသည် တစ်ရက်လျှင် စည် ၁.၂ သန်းသာ ရှိနိုင်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် တစ်ရက် စည် ၁.၄ သန်းထိ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။



အိုပက်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများက ရေနံထုတ်လုပ်မှု မြင့်မားနေပြီး ဝယ်လိုအားက နှေးကွေးနေသောကြောင့် ရေနံဝယ်လိုအားသည် ကမ္ဘာ့တစ်ဝန်းတွင် ကျဆင်းနေပြီဖြစ်ကြောင်း IEA က ပြောကြားခဲ့သည်။ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲက ရေနံဝယ်လိုအားကို သက်ရောက်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် ကမ္ဘာ့ဘဏ္ဍဍာရေး အကျပ်အတည်းနောက်ပိုင်း ကမ္ဘာ့ကုန်သွယ်ရေး တိုးတက်မှုသည် အဆိုးဆုံးဖြစ်နေကြောင်း IEA က ပြောကြားခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်တွင် ကမ္ဘာ့ရေနံဝယ်လိုအားသည် တစ်ရက်လျှင် စည်သုံးသိန်းခန့်သာ မြင့်တက်ခဲ့ပြီး ရှစ်နှစ်နီးပါးအတွင်း အနိမ့်ဆုံး သုံးလပတ်တိုးတက်နှုန်း ဖြစ်ခဲ့သည်။

အိုပက်နှင့် မိတ်ဖက်နိုင်ငံများမှ ဝန်ကြီးများသည် ထုတ်လုပ်မှု ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ယခုလနှောင်းပိုင်းတွင် တွေ့ဆုံရန် ပြင်ဆင်နေချိန်တွင် ယခုခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရေနံဈေးကွက်တွင် ဈေးနှုန်းခိုင်မာမှုသည် ခဏတာသာဖြစ်နိုင်ကြောင်း၊ အိုပက်နှင့် မိတ်ဖက်နိုင်ငံများသည် ဈေးနှုန်းမြင့်တင်ရန်အတွက် ထုတ်လုပ်မှုလျှော့ချရန် စဉ်စားရနိုင်ကြောင်း IEA က ပြောကြားခဲ့သည်။

အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘ࿿ောနှစ်စင်းကို တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်တစ်ရက်အကြာတွင် IEA ၏ လစဉ် အစီရင်ခံစာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရေနံတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းနီပါး ဖြတ်သန်းနေသော ဟော်မုဇ်ရေလက်ကြားအနီး ပဋိပက္ခကြောင့် ဈေးကွက်ကို ကမောက်ကမ ဖြစ်စေနိုင်သည်။ အီရန်၏ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှု မြှင့်တင်ခဲ့သောကြောင့် အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေချိန်တွင် အိုမန်ပင်လယ်ကွေ့တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အီရန်သည် မေလက တစ်ရက်လျှင် ရေနံစည် ၂.၄ သန်း ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှု စည် ၂၁၀ဝ၀ဝ ခန့် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ 

No comments:

Post a Comment