Saturday, June 15, 2019

ငွေဖောင်းပွနှုန်း ကြီးလွန်းနေသေးသဖြင့် တစ်သောင်းတန်နှင့်အထက် ငွေစက္ကူသစ် ၃ မျိုး ဗင်နီဇွဲလားတွင် စတင်အသုံးပြု

ငွေဖောင်းပွမှုနှုန်းကို ထိန်းသိမ်းရန် ခက်ခဲနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ငွေလည်ပတ်စီးဆင်းမှု ပြဿနာအတွက် ဖြေရှင်းနည်းတစ်ခုအဖြစ် ငွေစက္ကူ အရွက်ကြီးတွေကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်အသုံးပြုလိုက်ပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက ဗင်နီဇွဲလားသမ္မတ မာဒူရိုးဟာ ငွေဖောင်းပွမှုပြဿနာကို ဖြေရှင်းရန်အတွက် ငွေတန်ဖိုးနဲ့ကုန်ဈေးနှုန်းတွေမှာ ကိန်းဂဏန်းပမာဏကို သုည ၅ လုံးစာအထိ ဖျက်သိမ်းလျှော့ချပစ်ခဲ့ပါတယ်။ ထိုသို့ လျှော့ချခဲ့တဲ့အပြင် ကူးသန်းရောင်းဝယ်ရေး ပိုမိုလွယ်ကူ အဆင်ပြေစေရန် Debit နဲ့ Credit card စနစ် ပိုမိုတွင်ကျယ်အောင် လုပ်ဆောင်ခဲ့ပါတယ်။



ထိုသို့ပြုလုပ်ပြီးနောက် ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၉ နှစ်ဆန်းမှာ ၁.၇ သန်းရာခိုင်နှုန်းအထိ တက်သွားခဲ့ပေမဲ့ မေလမှာတော့ ၈၁၅,၀၀၀ ရာခိုင်နှုန်းအထိသို့ ပြန်ကျသွားခဲ့ပါတယ်။

၎င်းမှာ ငွေကြေးလည်ပတ်စီးဆင်းမှု ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ဘိုလီဗာ ၁၀,၀၀၀၊ ၂၀,၀၀၀ နဲ့ ၅၀,၀၀၀ တန် ငွေစက္ကူအသစ်တွေကို ဗင်နီဇွဲလားဗဟိုဘဏ်က ရိုက်နှိပ်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့မှာ စတင်လည်ပတ် အသုံးပြုစေလိုက်ပါတယ်။

ဗင်နီဇွဲလားရဲ့ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားဟာ ဘိုလီဗာ ၄၀,၀၀၀ ဖြစ်ပြီး ယခု ငါးသောင်းတန်ဟာ အမေရိကန် ၈ ဒေါ်လာခန့်နဲ့ တန်ဖိုးညီမျှပါတယ်။ ယခင်အသုံးပြုခဲ့တဲ့ ငွေစက္ကူများအနက် ၅၀၀ တန်ဟာ တန်ဖိုးအကြီးဆုံးအရွက် ဖြစ်ခဲ့ပေမယ့် ၄င်းငွေဖြင့် သကြားလုံးတောင် ဝယ်လို့မရ နိုင်တော့ပါဘူး။

သမ္မတ မာဒူရိုးကတော့ ၄င်းတို့အစိုးရကို ဖြုတ်ချလိုတဲ့ အမေရိကန်အစိုးရရဲ့ ဖိအားပေး၊ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံစီးပွားရေးကြပ်တည်း ၊ ငွေအလွန်အမင်းဖောင်းပွရကြောင်း တွင်တွင်ဆိုနေပါတယ်။

မာဒူရိုးရဲ့ အတိုက်အခံတွေကတော့ ယခင် နှစ် ၂၀ ခန့်အတွင်း အုပ်ချုပ်ခဲ့သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး ရေနံကဏ္ဍမှ ဝင်ငွေပေါင်း ဒေါ်လာဘီလျံ ရာနဲ့ချီ ပြုန်းတီးနစ်နာခဲ့ရကြောင်း ဝေဖန်နေကြပါတယ်။

No comments:

Post a Comment