Saturday, June 15, 2019

ဆေးကုသမှုခံယူခြင်းမရှိသည့် တီဘီလူနာ ၅၀ဝ၀ဝ ဝန်းကျင်ရှိနေခြင်းကြောင့် ဓာတ်မှန်စက်တပ်ဆင်ထားသော ရွေ့လျားတီဘီရောဂါရှာဖွေရေးအဖွဲ့များဖြင့်ကွင်းဆင်းရောဂါရှာဖွေနေ

ဆေးကုသမှုခံယူခြင်းမရှိသည့် တီဘီ လူနာ ၅၀ဝ၀ဝ ဝန်းကျင်ရှိနေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဓာတ်မှန်စက်တပ်ဆင်ထားသော ရွေ့လျားတီဘီရောဂါရှာဖွေရေးအဖွဲ့များဖြင့် ကွင်းဆင်းရောဂါရှာဖွေလျက်ရှိကြောင်း သိရသည်။ြ မန်မာနိုင်ငံတွင် နှစ်စဉ်တီဘီ လူနာသစ် ၁၉၀ဝ၀ဝ ခန့်ဖြစ်ပွားမည်ဟု ခန့်မှန်းထားပြီး၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း တီဘီလူနာ ၁၄၀ဝ၀ဝ ခန့်ကို ရောဂါရှာဖွေကုသပေးနိုင်ခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူခြင်းမရှိသည့် တီဘီလူနာများအား ဓာတ်မှန်စက်တပ်ဆင်ထားသော ရွေ့လျားတီဘီရောဂါ ရှာဖွေရေးအဖွဲ့ များဖြင့် ကျေးလက်ဒေသ၊ ခက်ခဲဒေသ၊ လုပ်ငန်းခွင်၊ အကျဉ်းထောင်များ စသည်တို့အထိ ကွင်းဆင်းရောဂါရှာဖွေကုသမှုပေးလျက်ရှိကြောင်း သိရသည်။



Global TB report 2018 အရ တီဘီရောဂါသည် ကမ္ဘာတွင် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကူးစက်ရောဂါများကြောင့် သေဆုံးမှု အများဆုံး ရောဂါ ၁၀ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံ ၃၀ တွင် ပါဝင်နေပြီး အဆိုပါ နိုင်ငံ ၃၀ စာရင်းတွင် မပါရှိစေရန် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ Global TB report 2018 အရ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လူဦးရေတစ်သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးရှိရာ ၂၀၁၈ ခုနှစ် တီဘီ/အိပ်ခ်ျအိုင်ဗွီစစ်တမ်းအရ တီဘီလူနာသစ်များ၏ ၉ ဒသမ ၃ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီကူးစက်နေသည်ကို တွေ့ရကြောင်းနှင့် ဆေးယဉ်ပါးတီဘီစစ်တမ်းအရ တီဘီလူနာသစ်များ၏ ငါးရာခိုင်နှုန်းတွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံအတွင်း တီဘီရောဂါအား လာမည့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် အပြီးတိုင် ပပျောက်သွားရန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရိုးရိုးတီဘီရောဂါကို ကုသသည့်အဆင့်မှာပင် မပျောက်ကင်းဘဲ ဆေးယဉ်ပါးတီဘီအဆင့်သို့ ရောက်ရှိသွားသည့် တီဘီရောဂါဖြစ်ပွားမှုအရေအတွက်ပိုမိုများပြားလာနေကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ ဆေးကုသမှုခံယူခြင်းမရှိသေးဘဲ ရှာဖွေဖော်ထုတ်ရန်ကျန်ရှိသော တီဘီဝေဒနာရှင် ၆၀ဝ၀ ခန့်အနက် ရိုးရိုးတီဘီလူနာများသာမက ဆေးယဉ်ပါးတီဘီပိုး ကူးစက်ခံနေရသူများလည်း ပါဝင်နေကြောင်း၊ ရန်ကုန်တွင်ရှာဖွေ ဖော်ထုတ်ရန်ကျန်ရှိသော တီဘီလူနာ ၆၀ဝ၀ ခန့်အနက် ရိုးရိုးတီဘီရောဂါခံစားနေရ သူများသာမက ဆေးယဉ်ပါးတီဘီပိုး ကူးစက်ခံနေရသူများပါ  ပါဝင်နေကြောင်း၊ တစ်နိုင်ငံလုံး၏ ဆေးယဉ်ပါးဖြစ်ပွားသူများအနက် ထက်ဝက်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားနေပြီး ရန်ကုန်တွင်နေထိုင်ခြင်းကြောင့် ဆေးယဉ်ပါးတီဘီဖြစ်ပွားရန် သုံးဆခန့် ပို၍ကူးစက်နိုင်ခြေရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းနှင့်တီဘီလူနာသစ် ဖြစ်ပွားနှုန်းတို့မှာ တဖြည်းဖြည်းကျဆင်းလျက်ရှိသော်လည်း ကျဆင်းနှုန်းမှာ ခန့်မှန်းထားသည်ထက် အလွန်နှေးလျက်ရှိကြောင်းနှင့် ဆေးယဉ်ပါးတီဘီလူနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြီး လူဦးရေ ထူထပ်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများပြားခြင်း၊ တီဘီလူနာများပြားခြင်း၊ အိပ်ခ်ျအိုင်ဗွီကူးစက်မှုနှုန်း များခြင်းစသည်တို့ကြောင့် ရောဂါကူးစက်ပြန့်ပွားနှုန်း မြင့်မားနေကြောင်း သိရသည်။

No comments:

Post a Comment