Saturday, June 22, 2019

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ ဝန်ကြီးများ အဓိက တက်ရောက်ကြမည့် ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများအား ယနေ့ စတင်မည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၃ ရက်တွင် ပြုလုပ်မည်

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ နိုင်ငံအသီးသီးမှ ဝန်ကြီးများ အဓိကတက်ရောက်ကြမည့် ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေများအား ယနေ့ (ဇွန် ၂၂ ရက်)တွင် စတင်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံက တာဝန်ယူကျင်းပလျက်ရှိသော ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများကို ဇွန် ၂၀ ရက်က စတင်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံခေါင်းဆောင်များ ပါဝင်မည့် ဆွေးနွေးပွဲများ၊ ဒေသတွင်း နိုင်ငံခြားရေး၊ စီးပွားရေးဝန်ကြီးများ တက်ရောက်မည့် အဓိက ဆွေးနွေးပွဲများကို ဇွန် ၂၂ ရက် နှင့် ၂၃ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။



ယင်းမတိုင်မီနေ့များက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ အကြိုရှေ့ပြေးဆွေးနွေးမှုများ ပါဝင်ခဲ့သည်။


ဇွန် ၂၂ ရက် နံနက် ၉ နာရီတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး (AMM) ကို ကျင်းပမည်ဖြစ်သည်။ ထို့ပြင် တစ်ချိန်တည်း၌ပင် အာဆီယံစီးပွားရေးဆိုင်ရာ ဝန်ကြီးများ၏ အထူးအစည်းအဝေးပွဲတစ်ရပ်ဖြစ်သည့် (RCEP) ကိုလည်း ပြုလုပ်မည် ဖြစ်သည်။

ထိုသို့ကျင်းပရာတွင် နံနက်ပိုင်း၌ ၁၉ ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှုအသိုက်အမြုံကောင်စီ အစည်းအဝေး (APSC) နှင့် ၂၃ ကြိမ်မြောက် အာဆီယံပူးပေါင်းဆောင်ရွက်ရေးကောင်စီ(ACC) ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲများကို အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ဘန်ကောက်ရှိ The Athenee ဟိုတယ်တွင်ပင် နေရာခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

ဇွန် ၂၂ ရက် ညနေပိုင်းတွင်မူ အာဆီယံ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် အာဆီယံကိုယ်စားပြု ပါလီမန်ဆိုင်ရာတွေ့ဆုံပွဲနှင့် အာဆီယံလူငယ်အဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံဒေသတွင်း ခေါင်းဆောင်များသည် အာဆီယံ ကိုယ်စားပြုစီးပွားရေးအကြံပေးကောင်စီနှင့် တွေ့ဆုံပွဲသို့လည်း တက်ရောက်ကြမည် ဖြစ်ပြီး ဇွန် ၂၂ ရက် ညနေ ၅ နာရီမှ ၆ နာရီခွဲ အချိန်အတွင်း အာဆီယံ ၁၀ နိုင်ငံမှ ခေါင်း ဆောင်များသည် ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများအားလုံးကို  The Athenee ဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး ည ၇ နာရီမှ ၉ နာရီအတွင်းတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဂုဏ်ပြုဧည့်ခံမည့် ညစာစားပွဲတစ်ရပ်သို့  အာဆီယံခေါင်းဆောင်များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံဘန်ကောက်တွင် ကျင်းပလျက်ရှိသည့် ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကိုမူ ဇွန် ၂၃ ရက် နံနက် ၉ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှ ရရှိသောရလဒ်နှင့် ဆုံးဖြတ်ချက်များကို ဒေသတွင်းခေါင်းဆောင်များက ဇွန် ၂၃ ရက် နံနက်ပိုင်းဆွေးနွေးပွဲတွင် ပြန်လည်သုံး သပ်ဆွေးနွေးကြမည်ဖြစ်သည်။

ထို့ပြင် ယင်းနေ့၌ ၁၃ ကြိမ်မြောက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် အရှေ့အာဆီယံဒေသ တိုးတက်ဖြစ်ထွန်းမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် ၁၂ ကြိမ်မြောက် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း သုံးနိုင်ငံ အကျိုးတူ ဖြစ်ထွန်းရေးဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲများလည်း ကျင်းပရန်ရှိနေသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများ နှင့် ဆက်စပ် အစည်းအဝေးပွဲများကို ၂၀၁၈ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် စင်ကာပူ  ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲပြီးနောက် လက်ဆင့်ကမ်း၍ ထိုင်းနိုင်ငံတွင် ကျင်းပနေခြင်းလည်းဖြစ်သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌဌနေရာကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းထံမှ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲများ ကျင်းပလျက်ရှိသည့် ဘန်ကောက်တွင် လုံခြုံရေး တင်းကျပ်ထားပြီး မလေးရှားဝန်ကြီးချုပ်မှလွဲ၍ ဒေသတွင်းနိုင်ငံ ခေါင်းဆောင်များသည် ဇွန် ၂၁ ရက်တွင် ဆွေးနွေးပွဲကျင်းပရာ ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည်လည်း အစည်းအဝေးများ တက်ရောက်ရန် ဘန်ကောက်သို့ ဇွန် ၂၁ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

ထိုင်းတွင်ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး၌ ယခင်အစည်းအဝေးများကကဲ့သို့ပင် မြန်မာနိုင်ငံ ရခိုင်အရေးပြဿနာ၊ ဘင်္ဂ࿿ါလီများ ပြန်လည်နေရာချထားရေးကိစ္စနှင့် အငြင်းပွားနေသော တောင်တရုတ်ပင် လယ်အရေးတို့နှင့် ဆက်စပ်၍ အဓိကထား ဆွေးနွေးကြဖွယ်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများကိုလည်း အဓိက ထားဆွေးနွေးကြမည်ဖြစ်သည်။

No comments:

Post a Comment