Saturday, June 22, 2019

အိန္ဒိယက ဝယ်ယူမည့် ပဲတန်ချိန်ငါးသိန်းအတွက် အိန္ဒိယပဲကုမ္ပဏီ ၁၁၈၀ ကျော် မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ရရှိ

အိန္ဒိယနိုင်ငံက ဝယ်ယူမည့် ပဲတန်ချိန်ငါးသိန်းအတွက် တင်သွင်းခွင့်ရရှိရန် အိန္ဒိယ ပဲကုမ္ပဏီ ၆၀ဝ၀ ကျော် လျှောက်ထားခဲ့ရာ အိန္ဒိယပဲကုမ္ပဏီ ၁၁၈၀ ကျော်အား မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“အဓိကက အိန္ဒိယဘက် သူတို့ရဲ့ သွင်းကုန်ကုမ္ပဏီတွေကို Quota ကို မတ်လကုန်မှာ ကြေညာတယ်။ ပဲစင်းငုံတန်ချိန်နှစ်သိန်း၊ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲ၊ မတ်ပဲတန်ချိန် တစ်သိန်းခွဲပေါ့။ ဧပြီ၊ မေထဲမှာ သူတို့ လျှောက် ကြတယ်။ လျှောက်တဲ့ကုမ္ပဏီအားလုံးပေါင်း ၆၀ဝ၀ ကျော်က တင်သွင်းဖို့ လျှောက်ကြတယ်လို့ သိရတယ်။ အဲဒီနောက်မှာ မေလထဲမှာ ကုမ္ပဏီတွေကို စိစစ်တယ်ပေါ့လေ။ ဇွန်လဆန်းထဲမှာ ကုမ္ပဏီ ၁၁၈၀ ကျော်ကို တင်သွင်းခွင့်ပြုတယ်ဆိုပြီး ထုတ်ပြန်တယ်” ဟု ဦးမင်းကိုဦးက ပြောကြားသည်။

“မတ်ပဲဆိုရင် တန်ချိန်တစ်သိန်းခွဲကို ဒီကုမ္ပဏီတွေက မျှပြီး တင်သွင်းရမယ့်သဘော။ ထိုနည်းတူပဲ ပဲစင်းငုံ၊ ပဲတီစိမ်းလည်း မျှပြီး တင်သွင်းရမယ်လို့ မြင်ပါတယ်” ဟုဦးမင်းကိုဦးက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေခြင်းဖြစ်ပြီး ပဲတီစိမ်းကို ဥရောပနိုင်ငံတချို့နှင့် တရုတ်နိုင်ငံက ဝယ်ယူနေခြင်းဖြစ်သည်။

ဇွန် ၁၈ ရက်တွင် မတ်ပဲ (2019 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၅၆ဝမှ ၅၈၀ ကြားနှင့် SQ တစ်တန်လျှင် ဒေါ်လာ ၇၀ဝ မှ ၇၂၀ ကြားအထိရှိပြီး မတ်ပဲ (2018 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၅၅၅ မှ ၅၇၅ ကြားနှင့် SQ တစ်တန်လျှင် ဒေါ်လာ ၆၉၀ မှ ၇၁၀ ကြားအထိရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပဲတီစိမ်း FAQ တစ်တန်လျှင် ဒေါ်လာ ၆၅၀ မှ ၇၄၀ ကြားနှင့် ပဲတီစိမ်းရွှေဝါအမျိုး အစားသည် တစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၁၀ဝ၀ ကြားအထိ ရှိကြောင်း သိရသည်။

ပဲစဉ်းငုံ (2019 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၆၅၀ မှ ၇၅၀ ကြားနှင့် (2017-2018 crop) တစ်တန်လျှင် ဒေါ်လာ ၆၃၀ မှ ၆၇၀ ကြားအထိရှိကြောင်း သိရသည်။ ဇွန် ၂၀ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၆၃၀ဝ၀ နှင့် မတ်ပဲ SQ တစ်တန် လျှင် ကျပ် ၁၀၃၃၀ဝ၀ ဈေးရှိခဲ့သည်။

No comments:

Post a Comment