Saturday, June 22, 2019

ရေစကြိုတွင် ထားမည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တု

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ လွတ်လပ်ရေးပန်းခြံမှာ ထားရှိမယ် အမြင့် ၉ ပေခွဲရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုကို ဇွန် ၂၁ ရက် ညနေပိုင်းက မန္တလေးမြို့ကနေ စတင်သယ်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မျိုးဆက်သစ်လူငယ်တွေ သိဖို့၊ အမှတ်ရစေဖို့၊ ဗိုလ်ချုပ်စိတ်ဓာတ်နဲ့ သမိုင်းကြောင်းကို သိရှိစေဖို့နဲ့ သမိုင်းမှတ်တမ်းတခုအနေနဲ့ ထားရှိနိုင်စေဖို့ ရည်ရွယ် ပြုလုပ်တာလို့ ရေစကြိုမြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးမော်စီက ပြောပါတယ်။


အဲဒီရုပ်တုက ဖက်ဆစ်တော်လှန်ရေးခေတ်ကာလက ဗိုလ်ချုပ်အောင်ဆန်း ဓားထောက်ပြီး ဦးထုပ်ကိုင်ထားတဲ့ ပုံစံကို ပုံဖော် ထုဆစ်ထားတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ကြေးရုပ်တုက အမြင့် ၉ ပေခွဲရှိပြီး ကြေးပိဿာချိန် ၃၀၀ ကျော်နဲ့ ကြေးသွန်းလောင်းခဲ့တာလို့  ပန်းချီ၊ ပန်းပုပညာရှင် ဦးဇင်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးမှာ ပါဝင်ကူညီခဲ့တဲ့လူတွေကို အမြင့် ၆ လက်မရှိ ဗိုလ်ချုပ်ပုံတု ပလာစတာ ရုပ် ၅၅ ရုပ်ကို ပေးအပ်ဖို့ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ရေစကြိုမြို့ ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တု ဖွင့်ပွဲကိုတော့ ဇူလိုင် ၁၄ ရက် ပြုလုပ်မယ်လို့ သိရပါတယ်။

No comments:

Post a Comment