Saturday, June 22, 2019

ရေဦးမြို့နယ်မှ H1N1 ကူးစက်ခံရသည့်ကလေး စိုးရိမ်ဖွယ်ရာမရှိဟု စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီးပြော

စစ်ကိုင်းတိုင်း မုံရွာမြို့ ကလေးအထူးကု ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသော ရေဦးမြို့နယ်မှ ရာသီတုပ်ကွေး ရောဂါ(H1N1) ကူးစက်ခံရသည့် ကလေးငယ်သည် စိုးရိမ်ဖွယ်ရာမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။ မုံရွာမြို့ အိုးဘိုတောင်ရပ် ကွက်ခုတင် ၂၀၀ ဆံ့ ကလေးဆေးရုံတွင် H1N1 ကူးစက်ခံရ၍ ဆေးကုသမှုခံယူနေသော ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာနေ အသက် (၅)နှစ်အရွယ် KG ကျောင်းသားလူနာထံသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တို့ ဇွန်လ ၂၀ ရက် ညနေတွင် သွားရောက်ကြည့်ရှုခဲ့သည်။



‘‘ရာသီတုပ်ကွေးက မုံရွာမှာ သုံးယောက်ပဲ ရှိတာပါ။ သေသွားတဲ့ ခြောက်လကလေးက ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်နဲ့ တက်ရင်းနဲ့ ရောဂါစစ်လိုက်မှ H1N1 ပါတွေ့တာ။ သာစည်က ကိုရင်ကလေးကလည်း သက်သာလို့ ဆင်းသွားပြီ။ အခု ရေဦး တင်းတိမ်ရံက ကလေးကအခြေအနေ ကောင်းတယ်။ စိုးရိမ်စရာမရှိပါဘူး။ နောက်ပြီး ဒီဟာက အသေအပျောက်များတဲ့ရောဂါ မဟုတ်ဘူး’’ဟု ဒေါက်တာ ဇော်ဝင်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သည့် ဒေသများ၊ မြို့နယ်ကျန်းမာရေး ဌာနများ၊ ဆေးရုံများနှင့် အုပ်ချုပ်ရေးမှူးရုံးများ၌ ရာသီတုပ်ကွေး ရောဂါ (H1N1)၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပလိပ်ရောဂါ စသည့် ကျန်းမာရေးအသိပညာပေးဟော ပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင် ရွက်နေကြောင်း ဒေါက်တာဇော် ၀င်းက ပြောသည်။ ၂၀၁၇ က စစ်ကိုင်းတိုင်းတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀ ခန့်ရှိပြီး အသက်အရွယ်ကြီး သူနှင့် အခြားရောဂါအခံရှိသူ သုံးဦးသေဆုံးခဲ့သည်။

No comments:

Post a Comment