Saturday, June 22, 2019

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် လျှောက်ထားမေးမြန်းခြင်း အပိုင်း(၂) ‘‘တချို့ကျတော့ သိပ်ပြီးတော့ ဘာရယ်မသိဘူး။ အတင်းသွားပြီး ပံ့ပိုးလိုက်တဲ့အခါကျတော့ မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်က မကောင်းတာကို ပိုပြီးတော့လုပ်နိုင်ပြီး ပိုပြီးအားပေးသလိုဖြစ်သွားတယ်’’

လက်ရှိအချိန်တွင် မြန်မာသာမက နိုင်ငံတကာစာမျက်နှာတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဝေဖန်မှု၊ မေးခွန်းထုတ်ခံရမှုဖြင့် ရင်ဆိုင်နေရပြီး အမုန်းတရားဖြန့်ချိသည့် သင်္ကန်းဝတ်ရဟန်းအချို့ကြောင့် သာသနာတစ်ခုလုံးကိုပါ နစ်နာမှုများရှိနေသည့် အခြေအနေ၊ ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချနေမှုများ၊ ဦးဝီရသူလုပ်ဆောင်ချက်အပေါ် မဟန၏ အမြင်၊ သာသနာတော်ပြန့်ပွားရေးအတွက် လက်ရှိအစိုးရ၏ထောက်ပံ့မှုအခြေအနေ စသည့်မေးခွန်းများကို 7Day News က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမင်းကျောင်း ပထမပြန်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ သက်တော်(၇၃)နှစ်၊ ၀ါတော်(၅၃) နှင့် တွေ့ဆုံလျှောက်ထား မေးမြန်းထားသည်များထဲမှ အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။

ထေရဝါဒဗုဒ္ဒဘာသာရဲ့ နောက် ဆုံးခံတပ်က မြန်မာနိုင်ငံလို့ ပြောဆိုကြတယ်။ ဒီနောက်ပိုင်းမှာမြန်မာနိုင်ငံမှာကလည်း အမျိုးဘာသာသာသနာဆိုပြီး ဘာသာတစ် ခုနဲ့တစ်ခုကြား အမုန်းပွားအောင် လှုံ့ဆော်နေတာတွေလည်း ရှိနေ ပါတယ်။ အဲဒီအပေါ်ကိုလည်း နိုင်ငံတကာက ဝေဖန်နေကြပါ တယ်ဘုရား။ ဒါကြောင့် ထေရဝါဒဗုဒ္ဓဘာသာကို ဘယ်လိုကာကွယ် သင့်ပါလဲဘုရား။

အဲဒါတော့ ပြောရတာခက်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဆို တာ တို့သာသနာနဲ့ပြောရင် သာသနာ အစစ်အမှန်ရှိတဲ့ ဝါဒပေါ့ နော်။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့သာသနာက ကွဲသွားတာမဟုတ် ဘူး။ အဓိကကတော့ ထေရဝါဒဗုဒ္ဓ သာသနာရယ်၊ မဟာယာန ဗုဒ္ဓသာသနာရယ် နှစ်မျိုးရှိတယ်။ အဲဒီတော့ ဘယ်သူကအားကောင်း လဲလို့ ပြန်ကြည့်တဲ့အခါကျတော့ ဘုန်းကြီးတို့ ပတ်ဝန်းကျင်နိုင်ငံ တွေ ကိုရီးယားတို့၊ ဂျပန်တို့ စသည်ဖြင့်ပေါ့နော်။ တရုတ်နိုင်ငံတို့ဆို ရင် မဟာယာန အားကောင်း တယ်။ ဘုန်းကြီးတို့ကျတော့ ထေရဝါဒ။ ထေရဝါဒကျတော့ အခုဘယ်လောက်ရှိလဲဆိုရင် အကြမ်းဖျင်း ပြောရင် ငါးနိုင်ငံပေါ့နော်။ ငါး နိုင်ငံမှာပဲ တချို့နိုင်ငံတွေမှာ အ တော်အားနည်းသွားပြီ။ ဘုန်းဘုန်းတို့နိုင်ငံမှာတော့ အများဆုံးပေါ့။ ဒကာ၊ ဒကာမတွေက ထေရဝါဒ၊သံဃာတော် အရှင်မြတ်တွေက လည်း ထေရဝါဒ။ ထေရဝါဒဆိုတာက  ဘုရားပညတ်တော်မူခဲ့တဲ့ အတိုင်း အားလုံးကို လိုက်နာဆောင်ရွက်တဲ့ ဝါဒမျိုးကို ထေရ ဝါဒဗုဒ္ဓဘာသာလို့ ခေါ်တယ်။ မဟာယာနတွေကျတော့ ဘုရား တော့ ဘုရားဝါဒကိုယူတာပဲ။ ဒါပေမဲ့ သူက အကုန်မယူတော့ဘူး။ မကြိုက်တာတွေ ပယ်လိုက်တယ်။ သိပ်ပြီးတော့ သိက္ခာပုဒ်ကြီးတွေ၊ လေးတာကြီးတွေ မယူတော့ဘူး။ဒါတွေ တို့ကျင့်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘုရားလောင်းဝါဒ၊ ဘုရားဖြစ်ဖို့ရန် ဆုတောင်းပြီးတော့ လုပ်နေတဲ့ပုဂ္ဂိုလ်တွေ၊ တို့က အမြင့်မြတ်ဆုံးဖြစ်တဲ့အတွက်ကြောင့် ဒီဟာကြီးကို  တို့လိုက်နာစရာမလိုဘူးဆိုပြီး သူတို့က ဘုရားပညတ်တော်မူခဲ့ တဲ့ဟာတွေထဲက မလိုအပ်တာ တွေကို သူတို့က ပယ်တာ။ အဲဒီထဲက သူတို့ကြိုက်တာတွေယူပြီး တော့ မဟာယာနဆိုပြီးတော့ ဆောင်ရွက်တာ။ သူတို့ဘက် နိုင်ငံတကာက စွပ်စွဲကြတာပေါ့နော်။ ဒီဘက်ကနေပြီးတော့ တစ်ဘာသာနဲ့ တစ်ဘာသာ မုန်းတီးမှုတွေဖြစ်အောင်  ပြောကြတယ်၊ ဆိုကြတယ်ဆိုတဲ့ အပိုင်းတွေရှိတာ ပေါ့နော်။ ဒါကတော့ ပြောရမယ်ဆိုရင် အပြစ်ပြောလည်းရသလို အပြစ်မပြောဘူးဆိုလည်း ရတာပေါ့နော်။ ဘုန်းကြီးတို့ ထေရဝါဒဆောင်ရွက်နေတဲ့ သံဃာတော် အရှင်မြတ်တွေက ပုထုဇဉ်တွေ လေ။ ပုထုဇဉ်တွေဆိုတော့ ကိုယ့်ဘက်ထိလာတဲ့အခါတော့ နည်းနည်းပါးပါးပြန်ပြီးတော့ ပြောကြ တဲ့သဘောလောက်ပဲရှိတာပါပဲ၊ အဲဒါကို ပုံကြီးချဲ့ပြီးတော့ သူတို့ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆို ကြတာပေါ့။ အခု ရခိုင်အရေးအ ခင်းဖြစ်သလို။ သူ့ဘာသာ သူ့ထုံးစံအတိုင်း ကိုယ့်ဆီလာပြီး ဆောင် ရွက်တဲ့သူကို ပြန်ပြီးတော့ လုပ်ကြတဲ့သဘော။ အဲဒါကို သက်သက် နှိပ်စက်ပါတယ်ဆိုပြီး အော်တဲ့ သဘော။ အဲဒီပုံစံအတိုင်းပဲ။ တို့ထေရဝါဒက မှန်မှန်ကန်ကန် ဆောင်ရွက်နေတာ။ အဲဒါကို သူတို့ဘက်က အဲဒီလိုဟာတွေလုပ်နေတော့ ပြန်ပြီးတော့ ပြောတာတွေ ဆိုတာတွေဖြစ်လာတဲ့အခါမှာ သူတို့က ဖိနှိပ်တယ် ဘာညာပေါ့ နော်။ အဲဒါလေးတွေ ဖြစ်တဲ့ သဘောပါ။

ဦးဝီရသူရဲ့ လုပ်ဆောင်ချက်အ  ပေါ်မှာ မဟနအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။ ဦးဝီရသူရဲ့ ဟောပြောမှုတွေဟာ သံဃာ့ဝိနည်းနဲ့ ကော ညီလားဘုရား။

အဲဒါကြီးက ပြောဖို့ခက်တယ်။ ဘုန်းဘုန်းတို့ကတော့ သူ့အပေါ် မကောင်းဘူးလည်း မမြင် ဘူး။ ကောင်းတယ်လို့လည်း မမြင် ဘူး။ သူ့တိုက်မကြီးရှိတယ်လေ။  မစိုးရိမ်တိုက်ကြီး။ မစိုးရိမ်တိုက် ကြီးက သူတို့ ဆရာတော်တွေက  လက်ခံထားတာက သူကောင်း လို့လက်ခံထားတာ။ ဘုန်းဘုန်းတို့ က သူမကောင်းဘူး သွားပြောလို့ဘယ်ဖြစ်မလဲ။ ပြောတာဆိုတာ ကတော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ပြောတိုင်းဟောတိုင်းလည်း ဝိနည်းနဲ့လွတ်သလား၊ မလွတ်သလားဆို တာ အတိအကျပြောလို့မရဘူး။ ဘုန်းဘုန်းတို့ ဝိနည်းနဲ့ ပတ်သက်လို့က နူးညံ့မှုတွေက အများကြီးရှိတယ်။ ဒါတွေကျ သေချာပြန် ပြီးတော့ ဘုန်းဘုန်းတို့က စစ်ဆေး ရတယ်။ တိုက်ဆိုင်ပြီးတော့ အဋ္ဌကထာ၊ တရပါဠိတော်ကြီးနဲ့ ကြည့်ရတယ်။ ဒါတွေနဲ့ မညီညွတ်ဘူးဆို ရင် သူဟောတာတွေ မမှန်ဘူးလို့ ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ သူက ဒီဟာတွေနဲ့အလွတ် သူ့ဟာသူပြောချင်တာတွေ ပြောနေတာ တွေကတော့ ဘုန်းကြီးတို့ ဒါတွေ က လူအပိုင်းနဲ့ ပြောမယ်ဆိုရင် ဘာမှ အကျိုးမရှိတဲ့ စကားတွေ ပေါ့နော်။ သိမ်ဖျင်းတဲ့ စကားရပ် တွေ။ သူတစ်ပါးထိခိုက်အောင် ပြောတဲ့ စကားတွေ၊ ဒါတွေက မပြောသင့်တဲ့ဟာတွေပေါ့။ တို့ဘုရားရှင်က စကားပြောတဲ့နေရာ မှာ ညွှန်ကြားထားတာရှိပြီးသား။ ဒါမလိုက်နိုင်တာက မလိုက်နာနိုင် တဲ့ ပုဂ္ဂိုလ်ရဲ့အပြစ်ပဲ။

ဦးဝီရသူကို အရေးယူဖို့ မဟနက စီစဉ်နေတာကော ရှိပါသလား ဘုရား။

ဘုန်းဘုန်း ခုနကပြောသလို တစ်နှစ်ပိတ်လိုက်တယ်လေ။ အခုဖြစ်တဲ့ကိစ္စတွေကျတော့ ရန်ကုန်တိုင်းမှာဖြစ်ရင် ရန်ကုန်တိုင်းကိုပြန်ညွှန်တယ်။ မန္တလေးတိုင်းမှာဖြစ်ရင် မန္တလေးတိုင်းကို ပြန်ပြီး တော့ ညွှန်ကြားလိုက်တယ်။ မဟနက တိုက်ရိုက်မကိုင်သေး ဘူး။ သူတို့ဆီကမရတော့မှ မဟနကို ဒီလိုဒီလိုဖြစ်ပါတယ်။ မရတော့ဘူးဆိုရင် မဟနဆရာတော်တွေ က အစည်းအဝေးထိုင်ပြီးတော့ ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ် တာပေါ့နော်။

ဘာသာရေးကို နိုင်ငံရးမှာ အသုံးချတာတွေ တွေ့ရပါ တယ်ဘုရား။ ဒီလို ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမရအောင်  ဘယ်လိုလုပ်သင့်ပါသလဲဘုရား။

ဘုန်းကြီးတို့ အဲဒါကိုပြောမယ်ဆိုရင် အခြေခံဥပဒေမှာ ဒါတွေပါတာပဲလေ။ ပါတီက ပါတီသွားရမယ်။ နိုင်ငံရေးက နိုင်ငံ ရေးသွားရမယ်။ ဘာသာရေးနဲ့ခုတုံးမလုပ်ရဘူး။ ဒါတွေရှိခဲ့ပြီး သားပဲ၊ ရှိနေမယ်လို့ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာ မူတည်တာ ပဲ။ သူ့စည်းကမ်းဥပဒေက သတ်မှတ်ထားတာရှိတာပဲ။ ဒီစည်းကမ်းဥပဒေအတိုင်းပဲ လက်တစ်လုံးခြားလေးလုပ်ပြီးတော့ ဆောင် ရွက်တဲ့ ပုဂ္ဂိုလ်တွေရှိတဲ့အခါကျ တော့ ဘုန်းကြီးတို့က ပြောရဆိုရတာ အင်မတန်ခက်တာပေါ့နော်။ အဲဒါကြောင့် ဘုန်းဘုန်းတို့က ဒါကြီးကို မလုပ်ရပါဘူးလို့ သတ်မှတ်ထားတဲ့မူကတော့ ရှိပြီးသား။ဘုန်းဘုန်းတို့ သံဃာတွေလည်း ဒီလိုပဲ။ ပါတီနိုင်ငံရေးမလုပ်ရဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်။ အဲဒါတွေက ဘုန်းဘုန်းတို့ ညွှန်ကြားတာတွေရှိပြီးသား။ အဲဒါမှ တချို့ကအဲဒီလိုပေါ့။ တချို့ဆရာတော် တွေက  ဝင်ပြီးတော့ စွက်ဖက်တာတွေရှိတယ်။ ရှိလာလို့ရှိရင်၊ သူတို့ကို တင်ပြလာလို့ရှိရင် ဘုန်းဘုန်းတို့က ဆုံးမတာတွေ၊ ဩဝါဒပေးတာတွေ လုပ်ရတာပေါ့။ အဲဒီသဘောလောက်ပဲရှိတာပါ။ အတိအကျကြီးတော့ မလုပ်ရဘူး၊ ဘာဘူးဆိုပြီး ဒီလိုကြီး ပြင်းပြင်းထန် ထန်  လုပ်လို့မရဘူး။

ဗုဒ္ဓရဲ့ လမ်းညွှန်ချက်နဲ့အညီ လိုက်လံကျင့်ကြံနေတဲ့ ဆရာတော်ကြီးတွေရှိသလို ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကို မှေးမှိန်အောင်လုပ်နေတဲ့ သူ တချို့လည်း ရှိပါတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး မိန့်ကြားပေးပါဦး။

 ပြည်သူကလူထုကတော့ မြင်တတ်အောင်ကြည့်ဖို့ အရေး ကြီးတယ်။ ဘယ်ဆရာတော်တွေ  ဘာလုပ်နေကြလဲ။ ဘယ်ဆရာတော်တွေ ဘာတွေပြောနေကြ လဲ။ ဒီလိုပြောတာဆိုတာ လုပ် တာတွေက တကယ်သာသနာ တော်အတွက် အထောက်အပံ့ဖြစ် သလား၊ ကိုယ့်တိုင်းပြည်အတွက် အထောက်အပံ့ဖြစ်သလား။ ဒါကိုကြည့်တတ်ဖို့လိုတယ်။ အဲဒါကို မြင်အောင် ကြည့်တတ်လို့ရှိရင်  ဘယ်သူကဘာ၊ ဘယ်သူကဘာဆိုတာ ကွဲပြားသွားမှာပဲ။ ဘုန်းကြီး တို့က ဘယ်သူကမကောင်းဘူး။ ကောင်းတယ်ပြောစရာ မလိုပါဘူး။

မဟနကတက်လာတဲ့ အစိုးရတိုင်း ရဲ့ ညွှန်ကြားမှုတွေအတိုင်း လိုက်ပါလုပ်ဆောင်နေကြတယ်ဆိုပြီး တချို့ဝေဖန်ပြောဆိုနေကြတာ တွေရှိပါတယ်ဘုရား။ ဒါနဲ့ ပတ် သက်ပြီး ဘယ်လို မိန့်ကြားချင်ပါ သလဲဘုရား။

အဲဒါတော့ သူတို့အထင်တွေ ပေါ့။ ဘုန်းဘုန်းတို့အဖွဲ့ကြီးက သီးခြားလွတ်လပ်တဲ့အဖွဲ့ကြီး  လေ။ အစိုးရလက်အောက်ခံ မဟုတ်ဘူး။ အစိုးရက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဆို တာ ဘုန်းဘုန်းတို့ကို ထောက်ပံ့ ဖို့အတွက် ဖွဲ့ထားတာ။ ဘုန်းဘုန်းတို့ကို သာသနာ ရေးဌာနကနေပြီး တော့ သာသနာရေးဦးစီးဌာနတို့၊ သာသနာတော် ပြန့်ပွားရေးဦးစီး ဌာနတို့ဆိုပြီးတော့ ဌာနကြီးနှစ်ခုဖွဲ့ပြီးတော့ ဘုန်းကြီးတို့လုပ်တဲ့ လုပ်ငန်းတွေကို ကူညီဆောင် ရွက်ဖို့အတွက် ရုံးချုပ်တို့၊ လက် ထောက်ညွှန်ကြားရေးမှူးတို့ အသီးသီးခန့်ပြီးတော့ ရုံးအဖွဲ့တွေ လုပ်ပေးထားတယ်။ ဘုန်းဘုန်းတို့ က အစိုးရက ဒါလုပ်ပါလို့ ခိုင်းလို့လုပ်ရတာ မဟုတ်ဘူး။ ဘုန်း ဘုန်းတို့က ဒါလုပ်ချင်တယ်။

ဘုန်းဘုန်းတို့ဘာသာဆုံးဖြတ်တယ်။  ဘုန်းဘုန်းတို့ လုပ်တယ်။ အစိုးရဆီတင်ပြစရာရှိရင် သာသနာရေး ဝန်ကြီးကနေတစ်ဆင့် တင်ပြ လိုက်တယ်။ အဲဒါပဲ။ အခုဘုန်းကြီးတို့ ဒီအစိုးရတက်လာတဲ့အခါ မှာ သမ္မတကြီးကိုယ်တိုင်လာပြီး တော့ ဘုန်းဘုန်းတို့ဆီ သြဝါဒခံယူတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်လာတယ်။ သြဝါဒခံယူတယ်။ ဒါတွေကြည့်သော အားဖြင့် သူတို့ခိုင်းလို့ ဘုန်းဘုန်း တို့ လုပ်နေတာမဟုတ်ဘူး။ ကိုယ့်ကိစ္စကိုယ်ဆောင်ရွက်ပြီးတော့  လုပ်နေကြတာ။ ဘေးက ကိုယ် အလိုမကျတဲ့အခါကျ ပြောတာပဲ။ ဒါပဲ။ ကိုယ့်အလိုအတိုင်း မဖြစ် တော့ပြောတာပေါ့။ ဦးဝီရသူကိစ္စ  သံဃာတော်အရှင်သူမြတ်တွေက  မကယ်ဘူးလား။ ဘာလားတဲ့။ သူ့ကို ကယ်လို့ရတာလည်းရှိသလို မကယ်လို့ရတာလည်း အများကြီး ပဲ။ သူ့ကိစ္စတွေ သူ့ဘာသာသူ ဆောင်ရွက်နေတာလေ။ ဘုန်း ဘုန်းတို့က ဒါမင်းဆောင်ရွက်ပါ လို့ပြောတဲ့ ကိစ္စလေ။ သူ့ဘာသာ သူလျှောက်ပြောတဲ့အခါကျတော့ မကြိုက်တဲ့ဘက်က တင်တာပေါ့။ တင်တဲ့အခါကျတော့ ပြဿနာ ဖြစ်လာရင် ရဲကလည်း  ရဲအရေး ပိုင်နဲ့ ဆောင်ရွက်သလို ဘုန်းဘုန်းတို့ သာသနာအဖွဲ့အစည်းတွေက လည်း ညွှန်ကြားထားတာတွေနဲ့ ဆောင်ရွက်ကြတယ်။ ဒါပဲရှိတာ ပဲ။ အစိုးရက ဒါလုပ်ပါဆိုလို့ လုပ်တဲ့သဘောမျိုးမဟုတ်ပါဘူး။

ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက်  အရှင်ဘုရားရဲ့ စိုးရိမ်မှု (သို့ မဟုတ်) မဟနရဲ့ စိုးရိမ်မှုက ဘာ များလဲဘုရား။

ဘုန်းဘုန်းအနေနဲ့ ပြောမယ်ဆိုရင် ဒီသာသနာတော်နဲ့ ပတ်သက်လို့ကတော့ ဘုန်းဘုန်း ခုနကပြောသလိုပေါ့။ ပရိယတ္တိနဲ့ ပတ် သက်ပြီး ဆောင်ရွက်နေတဲ့ ဆရာ တော်တွေလည်း ရှိနေတယ်။ ဒကာ၊ ဒကာမတွေကလည်း ဆရာတော်တွေကို ထောက်ပံ့မှု ပြုနေတယ်ဆိုရင် သာသနာတော်က  တော်တော်နဲ့ ပျက်စီးဖို့ဆိုတာ မရှိပါဘူး။ တချို့က သာသနာတော် ကြီး အားနည်းသွားပြီ။ သာသနာတော်ကြီးမကြာခင် ပျက်စီးတော့ မယ်။ နိမ့်ကျသွားမယ်ဆိုတဲ့ အမြင်တွေရှိတယ်။ ဒါပေမဲ့ အဲဒီ လောက်အထိ မမြန်ပါဘူး။ မကောင်းတဲ့ ပုဂ္ဂိုလ်ရှိသလို ကောင်းတဲ့ပုဂ္ဂိုလ်တွေက အများ ကြီးရှိတယ်။ ဒီပုဂ္ဂိုလ်တွေက ထိန်းသိမ်းစောင့်ရှောက်နေတယ်ဆိုရင် ဒါကြီးက မှန်မှန်ကန်ကန်နဲ့ သွားနေမှာပဲ။ အဲဒီအခါမှာ တို့ဒကာ၊ ဒကာမတွေက ညီညီညွတ်ညွတ် ထောက်ပံ့ပေးနေတယ်ဆိုရင် သူ့ဟာသူသွားနေမှာပဲ။ မကောင်း တဲ့သူက သူ့ဟာသူ တဖြည်းဖြည်း ပပျောက်သွားမယ်။ သူတို့အလုပ်မမှန်ရင် သူ့ဟာသူ ပျောက်သွား တာပဲ။ ကြာရှည်ရပ်လို့မရဘူး။ အဲ ဒီအပိုင်းလေးကို တို့ဒကာ၊ ဒကာမတွေက သေချာကြည့်တတ် မြင် တတ်ဖို့ အရေးကြီးတယ်။ ဒီပုဂ္ဂိုလ် တွေကို တို့ထောက်ပံ့သင့်သလား၊ လှူဒါန်းသင့်သလား။ လှူရင် တော့ ကုသိုလ်တော့ရတာပေါ့။ ဒါပေမဲ့ ကိုယ့်နိုင်ငံအတွက် အကျိုး ဖြစ်သလား။ မိမိတို့ လှူဒါန်းမှုက  အကျိုးတရားဘယ်လောက် ဖြစ် ထွန်းပေါ်ပေါက်ဖို့ရှိနိုင်သလဲ။ ဒါ လေးတွေစဉ်းစားပြီးတော့၊ ဒါ လေးတွေ မြင်အောင်ကြည့်ပြီးတော့ ထောက်ပံ့ရင်ကောင်းတာ ပေါ့နော်။ တချို့ကျတော့ သိပ်ပြီးတော့ ဘာရယ်မသိဘူး။ အတင်းသွားပြီး ပံ့ပိုးလိုက်တဲ့အခါကျတော့ မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်က မကောင်းတာကို ပိုပြီးတော့လုပ်နိုင်ပြီး  ပိုပြီး အားပေးသလိုဖြစ်သွားတယ်။ ပိုပြီးတော့အနှောင့် အယှက်ဖြစ်တာပေါ့နော်။ အဲဒီအ ပိုင်းလေးပါပဲ။

ဘာသာသာသနာတော် ပြန့်ပွားရေး လက်ရှိအစိုးရရဲ့ ထောက်ပံ့မှု အပေါ်ကော ဘယ်လို မြင်ပါသလဲ  ဘုရား၊ အစိုးရကို 7Day Newsဂျာနယ်ကနေ ဘာများအကြံပြု တိုက်တွန်းချင်ပါသလဲဘုရား။

အစိုးရကလည်း ထိုက်သင့် သလောက်တော့ ဘုန်းဘုန်းတို့ကို ထောက်ပံ့နေပါတယ်။ ဒီနေ့ပဲနယ်စပ်နဲ့ တောင်တန်း သာသနာပြုဆရာတော်တွေကို အထောက် အပံ့တွေပေးတယ် လေ။ ပြီးတော့ ဘုန်းကြီးတို့ စာမေးပွဲတွေနဲ့ ပတ်သက်လို့လည်း ထောက်ပံ့နေတာ တွေ ရှိတယ်လေ။ တတ်နိုင်သမျှအစိုးရက ထောက်ပံ့ပေးနေတာ ပဲ။ ဘုန်းဘုန်းတို့က ကိုယ့်အလုပ်ကိုယ် လုပ်တာပဲ။ သူတို့လည်း သူတို့တတ်နိုင်သရွေ့ ဆောင်ရွက် ပေးနေမှာပါပဲ။

ဘာများ ဖြည့်စွက်မိန့်ကြားချင်ပါ သလဲဘုရား။

ဘုန်းဘုန်းတို့ သာသနာအတွက်ကတော့ အထူးပြောဖို့တော့ မရှိပါဘူး။ အခုနကပြောသလို ပေါ့။ မြန်မာနိုင်ငံမှာ သာသနာ တော်ထွန်းကားနေတယ်ဆိုတာ ပရိယတ္တိသာသနာတော်ကြီး စည်စည်ကားကားရှိနေလို့ ပရိယတ္တိ သာသနာတော်မြတ်ကြီးကို ရဟန်းသံဃာတော်များက ပို့ချနေပြီး ဆောင်ရွက်နေကြသလို တို့ဒကာ၊ဒကာမတွေကလည်း ပစ္စည်းလေးပါးထောက်ပံ့နေလို့ သာသနာ တော်ကြီး အဓွန့်ရှည်နေတာ။ အဲဒီသာသနာတော်ကြီးရှိနေလို့ရှိရင် အားလုံး နိုင်ငံသူ၊ နိုင်ငံသားတွေအတွက်ပေါ့နော်။ အားလုံးချမ်း ချမ်းသာသာဖြင့် စိတ်ချမ်းသာစွာ ဖြင့် ကိုယ်ဆောင်ရွက်တဲ့လုပ်ငန်း တွေ အောင်မြင်အောင်ဆောင် ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment