Saturday, June 22, 2019

သုံးရက်အတွင်း ကြည့်ရှုသူ သုံးသန်းကျော်သွားသည့် အဆိုတော် Pink သီချင်းသစ် – 90 Days

ဂရမ်မီဆု ၃ ဆု အပါအဝင် တေးဂီတထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ အမေရိကန် အမျိုးသမီးအဆိုတော် Pink ရဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး ၃ ရက်အတွင်း ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေပါတယ်။ 90 Days လို့ အမည်ပေးထားတဲ့ ဒီသီချင်းကို Pink နဲ့အတူ Featuring သီဆိုပေးထားသူကတော့ အမေရိကန် အမျိုးသားအဆိုတော် Wrabel ဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့နှစ်ယောက် ချစ်သူတွေအဖြစ် သရုပ်ဆောင်ထားတာကို ခံစား နားဆင်ကြရမှာပါ။


တူဒေးသတင်းတပုဒ်မှာတော့ ဒီသီချင်းထဲက စာသားတွေနဲ့ သရုပ်ဆောင်ချက်တွေဟာ Pink ရဲ့ ပြင်ပကမ္ဘာက ခင်ပွန်းဖြစ်တဲ့ ကယ်ရီဟတ်နဲ့အတူ ဖြတ်သန်းရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှု၊ အခက်အခဲတွေကို ထင်ဟပ်နေတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Pink ဟာ လက်ရှိအချိန်ထိ Can’t Take Me Home, Missundaztood, Try This, I’m Not Dead, Funhouse, Greatest Hits… So Far!!!, The Truth About Love, Beautiful Trauma စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် ၈ ချပ် ထွက်ရှိခဲ့ပြီးဖြစ်ကာ အောင်မြင်တဲ့ ဂီတကြယ်ပွင့်တဦး ဖြစ်နေခဲ့ပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ သူဟာ ဖို့ဘ်မဂ္ဂဇင်းက ရွေးချယ်တဲ့ ကြေးအများဆုံးရရှိသူ အမျိုးသမီး အနုပညာရှင်တွေ စာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

Nielsen SoundScan ရဲ့ သတင်းထုတ်ပြန်ချက်တွေ အရတော့ Pink ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဂီတအနုပညာရှင်စာရင်းမှာ ပါဝင်နေပြီး တကမ္ဘာလုံးမှာ အယ်လ်ဘမ်ချပ်ရေ သန်း ၄၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Dear Mr. President, So What, Just Give Me a Reason စတဲ့ သီချင်းတွေဟာ မြန်မာပရိသတ်တွေလည်း မစိမ်းတဲ့ သီချင်းတွေဖြစ်တာမို့ ခုနောက်ဆုံးထွက်ရှိလာခဲ့တဲ့ သီချင်းမှာရော Pink ရဲ့ ထုံးစံအတိုင်း ဘယ်လိုခံစားမှုအား ကောင်းကောင်းနဲ့ သီဆို ဖန်တီးထားမလဲ ဆိုတာကို နားဆင်ခံစားကြည့်နိုင်ပါတယ်။

No comments:

Post a Comment