Saturday, June 22, 2019

ပြည်သူ့အကြွေးကျေအောင်ဆပ်ရန် အမတ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

ပြည်သူလူထုအပေါ်မည်သည့်အကြွေးမျှ မကျန်ရှိစေ ရန် လွှတ်တော်ကိုယ်စားလှယ်များ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာကြားသည်။ ဇွန်လ ၁၉ ရက်တွင် နေပြည်တော်လွှတ်တော်ရေးရာဆောင် (I-12) ၌ ပြုလုပ်သော ဒေါ်အောင် ဆန်းစုကြည်၏မွေးနေ့ပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်များကို ယင်းသို့ ထည့်သွင်းပြောကြား သည်ဟု လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။



‘‘ဘယ်အကြွေးမှ မကျန်ဖို့ပြောတယ်။ ပြည်သူ့လူထုအကြွေး ကိုလည်း ကျေအောင်ဆပ်ကြဖို့ မှာတယ်။ အန်တီတို့ခေါင်းဆောင် ဆိုလည်း သူဆို ဘယ်အကြွေးမှ မကျန်ဘဲ ကျေအောင် ဆပ်သွား ချင်တယ်တဲ့’’ ဟု မရမ်းကုန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမေ၀င်းမြင့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိသော   လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများနှင့် ၀န်ထမ်းများအ ပေါ် မောက်မာစွာ ဆက်ဆံခြင်းမပြုရန်နှင့် လက်ရှိအစိုးရ၏ ဆောင်ပုဒ်ဖြစ်သည့် ‘ပြည်သူနှင့်အတူ’ ကို လိုက်နာရန် ဒေါ်အောင်ဆန်း စုကြည်က လမ်းညွှန်ခဲ့သည်ဟု ဆိုသည်။

‘‘ကိုယ့်ရဲ့ ခေါင်းဆောင်က ပြည်သူလူထုအပေါ် အမြဲအလေး

ထားဖို့ ဆုံးမတာပဲ။ တချို့ကိုယ်စားလှယ်တွေက နည်းနည်းကြာ လာတော့ လူမှုဆက်ဆံတဲ့နေရာ မှာ ချို့ယွင်းချက်တွေ ရှိတယ်။ မောက်မာဆက်ဆံတာတွေ ရှိ တယ်။ ဒါမျိုးမလုပ်ဖို့ သတိပေး တာဖြစ်ပါတယ်’’ ဟု ဒေါက်တာ မေ၀င်းမြင့်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များသည် မိမိတာဝန်ကျေပွန်ရန်၊ နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစား မပြု ရန်နှင့် ယင်းတို့ချိုးဖောက်ကျူး လွန်ပါက ခွင့်လွှတ်မည်မဟုတ် ကြောင်းလည်း ဒေါ်အောင်ဆန်းစု ကြည်က ထည့်သွင်းပြောကြား သည်ဟု လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

‘‘နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစား မလုပ်ဖို့၊ သူ (ဒေါ်အောင်ဆန်း စုကြည်) မကြိုက်ဆုံးက အဲဒါပဲဗျာ’’ဟု  ထန်းတပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး နေမျိုးထွန်းက ပြောသည်။

ထို့အပြင် လွှတ်တော်ကိုယ် စားလှယ်များသည် ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ နေထိုင်ကျင့်ကြံ ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေ စီအုတ်မြစ်ခိုင်မာသည်အထိ ကြိုးစားဆောင်ရွက်ရန် ဒေါ်အောင် ဆန်းစုကြည်က လမ်းညွှန်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က ဆိုသည်။ ၂၀၁၂ နောက်ပိုင်း ဒေါ် အောင်ဆန်းစုကြည်၏ မွေးနေ့ များကို လွှတ်တော်ဝင်းအတွင်း၌  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များက ကျင်းပလေ့ရှိပြီး ယခုနှစ်ဇွန်လ ၁၉ ရက်တွင်ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့သို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး၊ သမ္မတဟောင်းဦးထင်ကျော် နှင့်ဇနီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ ဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment