Saturday, June 22, 2019

အုပ်စုပွဲမှ အမှားများကို ပြင်ဆင်ပြီး ဗီယက်နမ်ကလပ်ကို ရင်ဆိုင်မည်ဟု MIU နည်းပြဆို

ဗီယက်နမ်ကလပ်ဆန် နာတက်အသင်းနှင့် ရင်ဆိုင်ရမည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အုပ်စုနှစ်ပွဲမှ အမှားများကို ပြင်ဆင်ပြီး အ ကောင်းဆုံးယှဉ်ပြိုင်မည်ဟု MIU ဖူဆယ်အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောသည်။  MIU အသင်းသည် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ် နှစ်ပွဲတွင် မလေးရှားကလပ် မာလာကာကို ၇-၂ ဂိုး၊ ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်း စပေါ့ကို ၉-၃ ဂိုးဖြင့် နှစ်ပွဲဆက် အနိုင်ရပြီး အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။



၂၀၁၉ အာဆီယံဖူဆယ် ကလပ်ပြိုင်ပွဲတွင် အသင်းခြောက်သင်း က အုပ်စုနှစ်ခုခွဲ၍ ယှဉ်ပြိုင်ပြီး အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (ခ) ၌ MIU က အုပ်စုပထမ၊ ဒေါင်းတောင်းစပေါ့က ဒုတိယဖြင့် အကြို ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ အုပ်စု (က) တွင် ထိုင်းကလပ် ချောင်ဘူရီက ပထမနှင့် ဗီယက်နမ် ကလပ်ဆန်နာတက်က ဒုတိယဖြင့် တက်ရောက်ခဲ့သည်။

‘‘ပြီးခဲ့တဲ့ပွဲ အုပ်စုနှစ်ပွဲက အမှားတွေကို ပြင်ပြီး ကစားသွားမှာပါ။ စိတ်ဓာတ်နဲ့ယုံကြည်မှုက တော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ပါပဲ။ အသင်းလိုက် နားလည်မှုပုံစံနဲ့ ကစားမယ်။ တစ်ဖက်အသင်းရဲ့ အားနည်းချက်တွေကို လေ့လာ ထားတယ်။ အဲဒီအားနည်းချက်ကို အသာစီးရအောင် ယူပြီး အားသာတဲ့ ကစားကွက်နဲ့ ဖျက်ဆီးကစား သွားမှာပါ’’ဟု MIU ဖူဆယ်အ သင်း နည်းပြချုပ် ဦးသန်းဝဏ္ဏ အောင်က ပြောသည်။  ယင်းပြိုင်ပွဲအကြိုဗိုလ်လုပွဲ စဉ်များကို ဇွန်လ ၂၂ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံ ကိုရတ်မြို့၌ ကျင်းပမည်ဖြစ်ပြီး MIU နှင့် ဗီယက်နမ်ကလပ်ဆန်နာတက်အသင်း၊ ချောင်ဘူရီနှင့် ဒေါင်းတောင်းစပေါ့တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲ ကို ဇွန်လ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment