Saturday, June 22, 2019

အာရှတစ်ဝန်း ဝက်တုပ်ကွေး ပျံ့နှံ့ လာသောကြောင့် တရုတ်နှင့် ဗီယက်နမ်တွင် ဝက်ကောင်ရေ သန်းနှင့်ချီကို သုတ်သင်

ကူးစက်တတ်သော အာဖရိက ဝက်တုပ်ကွေးထိန်းချုပ်ရေးကို ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်ရန် အာရှအစိုးရအဖွဲ့များကို ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက တိုက်တွန်းခဲ့စဉ် တရုတ်နှင့် ဗီယက်နမ်တွင် ဝက်ကောင်ရေ သန်းနှင့်ချီကို သုတ်သင်ခဲ့သည်။ ဝက်တုပ်ကွေးရောဂါကူးစက်မှုသည် လာအိုသို့ ပျံ့နှံ့လာပြီဟု ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ FAO က ကြေညာချက် ထုတ်ပြန်မှုနှင့်အတူ ယင်းသည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး တိရစ္ဆာန်ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်သည်ဟု ပညာရှင်အချို့က ပြောကြားခဲ့သည်။



ပြီးခဲ့သည့်နှစ် သြဂုတ်တွင် တရုတ်၌ ဝက်တုပ်ကွေးစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းတွင် ဝက်ကောင်ရေ ၃.၇ သန်းကျော် သုတ်သင်ခဲ့သည်ဟု FAO ၏ ဇွန် ၂၀ ရက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဗီယက်နမ်သည် ဝက်တုပ်ကွေးကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ၂.၆ သန်းထက်မနည်း သုတ်သင်ခဲ့ရသည်။ ယင်းနောက်တွင် တရုတ်က ဒုတိယနေရာ၌ရှိပြီး ဝက်ကောင် ရေ ၁.၁ သန်းကျော် သုတ်သင်ခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယင်းကိန်းဂဏန်းများသည် ဝက်တုပ်ကွေး ကူးစက်ပျံ့ပွားမှုဖြစ်ပွားသည့် နိုင်ငံများ၏ အစိုးရများက FAO ကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် တရုတ်အရှေ့မြောက်ပိုင်းတွင် ပထမဆုံး ဝက်တုပ်ကွေးကူးစက်မှုကို သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဟောင်ကောင်၊ ထိုင်ဝမ်၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မွန်ဂိုလီးယားတို့တွင်လည်း ကူးစက်ပျံ့ပွားမှု အနည်းအကျဉ်း ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အာဖရိကဝက်တုပ်ကွေးသည် လူကို အန္တရာယ်မပြုနိုင်သော်လည်း ဝက်များတွင်မူ အလွယ်တကူကူးစက်ပြီး သေဆုံးမှုဖြစ်သည့်အပြင် ကုသမည့်ဆေးမရှိသေးပေ။

ဝက်သားအဓိကထုတ်လုပ်သည့် တရုတ်နိုင်ငံနှင့် ဝက်တုပ်ကွေးကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားသည့် ဗီယက်နမ်တွင် ဝက်ထီးအရေအတွက်အများအပြား သတ်ဖြတ်ခံရခြင်းနှင့် ပို့ဆောင်မှုများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဝက်သားဈေးနှုန်းများ ရာခိုင်နှုန်း ၄၀ အထိ မြင့်တက်ပြီး အချို့ဈေးကွက်များတွင် ပြတ်လပ်မှုများအထိ ဖြစ်ပေါ်ခဲ့သည်။

ဝက်သား အစားများသည့် တောင်ကိုရီးယားနိုင်ငံတွင် ဝက်တုပ်ကွေးကြောင့် ဝက်ကောင်ရေ ၁၁ သန်း ကျော် မွေးထားသည့် မွေးမြူရေးခြံ ၆၃၀၀ ကို ထိခိုက်နစ်နာမှု ဖြစ်လာနိုင်မည်ကို စိုးရိမ်ပူပန်နေသည်။

အမေရိကန်စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဌာနက ၎င်း၏ စုစုပေါင်းဝက်ထီးအုပ်သည် ယခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဝက်ကောင်ရေ သန်း ၃၅၀ သာ ရှိမည်ဟု ခန့်မှန်းခဲ့ရာ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အဆိုးရွားဆုံးကျဆင်းမှုဖြစ်သည်။ ယခုနှစ်တွင် တရုတ်၏ ဝက်သားထုတ်လုပ်မှု ပမာဏသည် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိသည်ဟု ဒတ်ခ်ျဘဏ် Rabobank ၏ ခန့်မှန်းချက်အရ သိရသည်။ ဗီယက်နမ် ဝက်သားထုတ်လုပ်မှုသည်လည်း ၂၀၁၈ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်ခြေရှိသည်ဟု Rabobank က ခန့်မှန်းခဲ့သည်။

No comments:

Post a Comment