Saturday, June 22, 2019

KNU တပ်မဟာ(၁)နယ်မြေတာဝန်ခံက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် ၅ ဦးအား ခေါ်ယူထိန်းသိမ်းထားဟု ဆို

ဘားအံမြို့နယ်ရှိ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) နယ်မြေဒေသတွင်းရှိ ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၅ ဦးမှာ ခေါ်ယူထိန်းသိမ်းခံထားရကြောင်း သိရသည်။ မိဇိုင်းကျေးရွာကြီးတွင် KNU တပ်မဟာ(၁)မှ ဒေသတာဝန်ရှိသူ (ဂွင်မှုး) ဦးစောမောင်နူအိမ်တွင် KNU ဆေးသင်တန်းတက်ရောက်ရန် စစ်သားသစ်စုဆောင်းမှုကို လူမပို့ပေးနိုင်သည့်ကိစ္စဖြင့် အဆိုပါ ၅ ဦးအား ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ပေပင်ဆိပ်ကျေးရွာ အထောက်အကူပြုအဖွဲ့ဝင်တစ်ဦး ပြောပြချက်အရ သိရခြင်း ဖြစ်သည်။



“ မိဇိုင်းကျေးရွာအုပ်စု၊ ပေပင်ဆိပ်ကျေးရွာ၊ အစိုးရခန့်ထားတဲ့ရွာအုပ်ချုပ်ရေးမှူး စောမောင်စိုးရယ်၊ ကျန်တဲ့ရွာတွေက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေအပါအ၀င် ၅ ယောက်ဖမ်းထားတယ်။ မနေ့(ဇွန်လ ၁၈ ရက်)၊ မနက် ၉ နာရီလောက်မှာ ဦးမောင်နူ(ဂွင်မှူး)ခေါ်တယ်ဆိုလို့ မိဇိုင်းရွာက သူ့အိမ်ကိုသွားကြတယ်။ အုပ်ချုပ်ရေးမှူးတွေစုံတော့ သူတို့တောင်းတဲ့သင်တန်းပို့ဖို့ လူခွဲတမ်းတောင်းတဲ့အတိုင်း လူငယ်တွေ လာမပို့ပေးတာကြောင့် အိမ်မှာ ဖမ်းထားသလိုလုပ်ထားတယ်။ ကျနော်တို့ ရွာသားတွေလည်း မနှစ်က ရေကြီး၊ မိုးကြီးတော့ စီးပွားရေး အဆင်မပြေကြဘူး။ အခု အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ပြန်ရွေးဖို့နဲ့ လူငယ်တွေ သင်တန်းပို့ဖို့အစား ရန်ပုံငွေကြေးပေးပြီး ပြန်ရွေးဖို့ ရွာသားတွေညှိနှိုင်းနေတယ်။ တခြားရွာတွေက အုပ်ချုပ်ရေးမှူးတွေလည်း ရွာတွေကနေ ရှောင်တိမ်းကုန်ပြီ” ဟု ပေပင်ဆိပ်ကျေးရွာမှ အမည်မဖော်လိုသူ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ခေါ်ယူထိန်းသိမ်းခံရသူများမှာ ဘားအံခရိုင်၊ မိဇိုင်းရွာကြီးအုပ်စုဝင် ကျေးရွာများဖြစ်သော အောက်မိဇိုင်းကျေးရွာ၊ တုတ်ကြီးကျေးရွာ၊ ပေပင်ဆိပ်ကျေးရွာ၊ ဖားပေါင်ကျေးရွာနှင့် ဝဲပျံကျေးရွာများတွင် ပြည်နယ်အစိုးရက ခန့်အပ်ထားသော ပေပင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး စောမောင်စိုးအပါအ၀င် ရာအိမ်မှူး၊ ဆယ်အိမ်မှူး စုစုပေါင်း ၅ ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘားအံမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ ၅ ဦး ထိမ်းသိမ်းခံထားရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပေးသည်။

KNU တပ်မဟာ(၁) တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ကျေးရွာများသို့ KNU တွင် ဆေးသင်တန်းတက်ရောက်ရန် လူငယ်များပို့ပေးရန် ပြောဆိုထားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ရွာအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် လူငယ်များလာရောက်ပို့ဆောင်ပေးခြင်းမရှိသည့်အပြင် အကျိုးအကြောင်းမပြန်သဖြင့် အထက်အမိန့်အရ ညှိနှိုင်းရန် ခေါ်ယူထိမ်းသိမ်းထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၁)မိဇိုင်း(ဂွင်မှူး)စောမောင်နူက အတည်ပြုပြောဆိုသည်။

No comments:

Post a Comment