Saturday, June 22, 2019

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်းတင်ပို့ရန်အတွက် COFCO နှင့် MRF တို့အကြား MoU လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်ဘက်က ရွေးချယ်လက်ခံထားသည့် ကုမ္ပဏီ ၁၁ ခုနှင့် တိုက်ရိုက် ညှိနှိုင်း အရောင်းအဝယ် ပြုလုပ်မည်

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်း တရားဝင်တင်ပို့ရန်အတွက် တရုတ်နိုင်ငံအစိုးရပိုင်အဖွဲ့ဖြစ်သည့်  COFCO  နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့ ဇွန် ၂၀ ရက်က နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးခဲ့ပြီး တရုတ်ဘက်မှ ရွေးချယ်လက်ခံထားသည့် ကုမ္ပဏီ ၁၁ ခုနှင့် တိုက်ရိုက်ညှိနှိုင်းပြီး အရောင်းအဝယ်ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဌ ဦးရဲမင်းအောင်က ပြောကြားသည်။

တရုတ်အစိုးရပိုင်အဖွဲ့ဖြစ်သည့် COFCO နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ လက်မှတ်ရေးထိုးခြင်းသည် အရောင်းအဝယ်စာချုပ်မဟုတ်ဘဲ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခြင်းသာဖြစ်ပြီး MRF အနေဖြင့် COFCO အား မြန်မာ့ဆန်စပါးဈေးကွက် သတင်းအချက်အလက်ပေး ရန်နှင့် မြန်မာ့ဆန်ဝယ်ယူသည့်ကိစ္စအပေါ် ကူညီပေးရန်သာဖြစ်ကြောင်း သိရသည်။

“COFCO အနေနဲ့ အရောင်းအဝယ်အတွက် တရုတ်ဘက်မှ ရွေးချယ်လက်ခံထားတဲ့ ကုမ္ပဏီ ၁၁ ခု နဲ့ တိုက်ရိုက်ညှိနှိုင်းပြီး အရောင်းအဝယ်လုပ်မည်ဖြစ်ကာ လောလောဆယ်ကုမ္ပဏီ ၁၁ ခုနဲ့ပဲ တင်ပို့ရောင်းချနိုင်မှာ ဖြစ်သော်လည်း MITS မှ စိစစ်ရွေးချယ်နေသော ကုမ္ပဏီများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံဘက်မှ လက်ခံသည်နှင့်ဆက်လက်တင်ပို့ခွင့်ရသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဌ ဦးရဲမင်းအောင်က ဆိုသည်။


COFCO နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့အကြား ပထမအကြိမ် အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တန်ချိန်တစ်သိန်းတင်ပို့ရန်အတွက် MoU လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိရေးထိုးသည့် MoU သည် တန်ချိန်တစ်သိန်းအတွက် ဒုတိယအကြိမ် ထပ်မံရေးထိုးခြင်းဖြစ်သည်။ ပထမအကြိမ် တန်တစ်သိန်းအတွက်မူ ၂၀၁၄ ခုနှစ် စက်တင်ဘာလက သမ္မတဦးသိန်းစိန်နှင့် တရုတ်ဝန် ကြီးချုပ်တို့တွေ့ဆုံမှုက ရရှိခဲ့သည့ှ်Quota ဖြစ်ကြောင်း၊ ယခု ဒုတိယအကြိမ်အတွက်မူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတတို့ ၂၀၁၉ ခုနှစ် ဧပြီလတွေ့ဆုံမှုမှရရှိသော ဒုတိယအကြိမ် Quota တစ်သိန်းဖြစ်ကြောင်းနှင့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံမှ Quota ခွဲတမ်း ရရှိခြင်းမရှိခဲ့ပေ။

ပထမအကြိမ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ယခုဒုတိယအကြိမ်တို့အတွက် ဈေးကွက်ထိုးဖောက်ရောင်းချနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် B to B ညှိ နှိုင်းပြင်ဆင်ပြီး ဈေးကွက်ဝေစုရရန် ကြိုးပမ်းခဲ့ကြောင်း၊ COFCO အနေဖြင့် တရုတ်နိုင်ငံ အစိုးရကို တင်ပြခဲ့ရသကဲ့သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ တင်ပြခဲ့ရကြောင်း၊ B to B ကြိုးပမ်းမှုနှင့်  G to G ဆွေးနွေးမှုအံကိုက်ဖြစ်မှုခွဲတမ်း Quota ကိစ္စ အောင်မြင်ခြင်းဖြစ်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။     

No comments:

Post a Comment