Saturday, June 22, 2019

ကံမမြို့နယ် စာသင်ကျောင်းတစ်ကျောင်းတွင် ယင်ကောင်များကြောင့် အတန်းအချို့ပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ထန်းဖြူကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းခွဲမှာ ယင်ကောင် အဆမတန်များနေတာကြောင့် အတန်းအချို့ကို ပိတ်ထားရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ကျေးရွာပတ်ဝန်းကျင်နဲ့ စာသင်ကျောင်းကို ယင်ကောင်တွေအများအပြား ရောက်လာ တာပါ။ ရောဂါရမှာစိုးလို့ ကျောင်းပိတ်ထားရပြီး ပိုးသတ်ဆေးတွေ ဖျန်းထားရတယ်လို့ တာဝန်ခံ ကျောင်းအုပ် ဆရာမ ဒေါ်အိအိမျိုးကဟြေပါတယ်။ အဲဒီ မူလတန်းကျောင်းခွဲမှာ မူကြိုကျောင်းတက်နေတဲ့ ကလေး (၅)ယောက်နဲ့ KG တန်းကနေ စတုတ္ထတန်းအထိ ကလေးငယ် (၂၆)ယောက် ပညာသင်ကြားနေပြီး အခုအချိန်မှာ တော့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရပါတယ်။
ယင်ကောင်တွေဟာ ထန်းဖြူကျေးရွာမှာရှိတဲ့ ကြက်မွေးမြူ ရေးခြံတွေကတစ်ဆင့် ရောက်ရှိလာတာလို့ ဒေသခံတွေကဟြေပါတယ်။ အဲဒီလိုဖြစ်ပွားရတာက ကြက်ခြံတွေမှာ အစိုဓာတ်များပြီး ယင်ပေါက်ဖွားမှုများနေလို့ဖြစ်ပါတယ်။ ခြံပိုင်ရှင်တွေကို ယင်သေဆေးဖျန်းခိုင်းထားပြီး ခြံသန့်ရှင်းရေးတွေ လုပ်ခိုင်းထားတယ်လို့ ကံမမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ Dr.ကျော်မျိုးလှိုင် ကပြောပါတယ်။ ထန်းဖြူကျေးရွာက ကြက်မွေးမြူရေးခြံတွေဟာ ကြက်ခြံတစ်ခြံကို ကြက်အကောင်ရေ (၃၀၀၀) ကနေ(၇၀၀၀) အထိ မွေးမြူထားတယ်လို့သိရပါတယ်။ ကြက်မွေးမြူရေးခြံတွေကို ဥပဒေပါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စိစစ်သွားမယ်လို့လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောပါတယ်။ ကြက်ခြံ (၉) ခြံလုံးမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ မွေးမြူခွင့်ပြုထားတဲ့ ကြက်ခြံတစ်ခြံသာရှိပြီး အဲဒီခြံကလည်း သက်တမ်းလွန်နေပြီဖြစ်တယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။

No comments:

Post a Comment