Thursday, May 9, 2019

တယ်လီနောနှင့် Axiata Group တို့ ပူးပေါင်းရန် ဆွေးနွေးနေ

နော်ဝေးအခြေစိုက် တယ်လီနောဂရု(ပ်)သည် မြန်မာ အပါအဝင် အာရှငါးနိုင်ငံရှိ တယ်လီကွန်းဈေးကွက်ကို မလေးရှားအခြေစိုက် Axiata Group နှင့် ပူးပေါင်းရန် ဆွေးနွေးနေသည်ဟု တယ်လီနောမြန်မာပြန်ကြားရေးတာဝန်ခံ မရွှေယင်းမာဦးက ပြောသည်။ ‘‘ဆွေးနွေးဆဲအဆင့်မှာပဲ ရှိ သေးတယ်။ ပြောနေတာ အောင် မြင်သွားရင်တော့ အသုံးပြုသူ ပေါင်း သန်း ၃၀၀ လောက်ထိရှိပြီး အာရှမှာ တကယ်အကြီးမားဆုံး ထဲမှာ ပါလာမယ့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုပေါ်ပေါက်လာ မှာ’’ဟု ၎င်းက ပြောသည်။

တယ်လီနောဂရု(ပ်)သည် အာရှဈေးကွက်ကို Axiata Group နှင့် ပူးပေါင်း၍ ကုမ္ပဏီတစ်ခုထူ ထောင်နိုင်ပါက အဆိုပါကုမ္ပဏီ တွင် တယ်လီနောက အစုရှယ်ယာ၅၆ ဒသမ ၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး Axiata က ၄၃ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

တယ်လီနောဂရု(ပ်)သည် ကမ္ဘာ့နိုင်ငံ ရှစ်နိုင်ငံတွင် ဈေး ကွက်ဖြန့်ကြက်ထားပြီး အာရှဈေး ကွက်၌ မြန်မာအပါအဝင် ဘင်္ဂ လားဒေ့ရှ်၊ မလေးရှား၊ ပါကစ္စ တန်၊ ထိုင်း ငါးနိုင်ငံတွင် တယ်လီ ကွန်းဝန်ဆောင်မှု ပေးအပ်သည်။

အလားတူ မလေးရှားအခြေ စိုက် Axiata Group သည် မလေး ရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် နီပေါနိုင်ငံတို့တွင် တယ်လီကွန်း ဝန်ဆောင်မှု ပေးအပ်နေသည်။  ထို့ပြင် Axiata Group သည် ဒစ် ဂျစ်တယ်စီးပွားရေးလုပ်ငန်းသုံးခုနှင့် အခြေခံ အင်ဖရာတည် ဆောက်သည့် လုပ်ငန်းတစ်ခုကို လည်း အာရှဈေးကွက်တွင် ပိုင် ဆိုင်ထားသည်။

‘‘အာရှမှာရှိတဲ့ အော်ပရေး နှစ်ခု၊ လုပ်ငန်းနှစ်ခု ပူးပေါင်းပြီး တော့ ကုမ္ပဏီတစ်ခုဖြစ်လာအောင် လုပ်မယ်ဆိုပြီးတော့ စကားပြောနေတာပေါ့နော်။ သူ့မှာလည်း ဈေးကွက်ရှိတယ်၊ ကျွန်မတို့မှာလည်း ဈေးကွက်ရှိတယ်’’ ဟု မရွှေယင်းမာဦးက ပြောသည်။ Axiata Group သည် အော် ပရေတာတစ်ခုအနေဖြင့် မြန်မာ နိုင်ငံ ဈေးကွက်တွင် မရှိသော် လည်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအင်ဖရာ တည်ဆောက် သည့် EDOTCO အမည်ဖြင့် မြန်မာ နိုင်ငံဈေးကွက်၌ တည်ရှိသည်။

No comments:

Post a Comment