Thursday, May 9, 2019

e-Parliament စနစ် Hluttaw Intranet (SharePoint) မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

Image may contain: one or more people, screen and indoore-Parliament စနစ် Hluttaw Intranet (SharePoint) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့၊ မွန်းလွဲ ၂ နာရီက လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က “လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်များ၏ လုပ်ငန်းတာဝန်များအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်သည့် e-Parliament စနစ်တစ်ခုဖြစ်သော လွှတ်တော် Intranet (SharePoint) အား စတင်အသုံးပြုနိုင်ရန် မိတ်ဆက်ခြင်း ဖြစ်ပါကြောင်း၊
မိမိတို့လွှတ်တော်များ၏ လုပ်ငန်းတာဝန်များ (Duty and Functions) ကို ပိုမိုအားကောင်းလာစေရန် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ မြှင့်တင်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လွန်စွာ အရေးကြီးလှပါကြောင်း၊ လွှတ်တော်၏ အဓိကအောင်မြင်မှုတစ်ခုဖြစ်သည့် စာရွက်စာတမ်းများ စီမံခန့်ခွဲနိုင်သည့်စနစ် လွှတ်တော် Intranet (SharePoint)သည် လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များ၊ အစည်းအဝေးမှတ်တမ်း များ၊ ဆုံးဖြတ်ချက်များ၊ အစီရင်ခံစာများအပြင် အရေးကြီးသည့် စာရွက်စာတမ်းများကိုပါ စီမံခန့်ခွဲ နိုင်သည့်စနစ်တစ်ခုဖြစ်ပြီး လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများကို အထောက်အပံ့ ပေးသွားမည့် အကျိုးကျေးဇူးများစွာ ရရှိသည့်စနစ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ အသုံးပြု၍ လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ နောင်တွင်လည်း ထိုကဲ့သို့အသုံးဝင်ကောင်းမွန်သည့် စနစ်များစွာကို တည်ဆောက်ပြီး မိမိတို့လွှတ်တော်အား e-Parliament အဆင့်သို့ ရောက်ရှိသည်ထိ ဝိုင်းဝန်း ဆောင်ရွက်သွားကြရေးအတွက် ရည်မျှော်ကြိုးစားကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် UNDP Programme Advisor, Chief Of Unit, Mr Joerg Stahlhut က ဂုဏ်ပြုအမှာ စကားပြောကြားပြီး နိုင်ငံတကာပါလီမန်များအဖွဲ့(IPU), IPU President and Secretary General ၏ ဂုဏ်ပြုနှုတ်ခွန်းဆက်စကားကို ဖတ်ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူမင်း(CIO) က Hluttaw Intranet စနစ်အကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် UNDP Programme Advisor, Chief Of Unit, Mr Joerg Stahlhut တို့က e-Parliament စနစ် Hluttaw Intranet (SharePoint) အား စတင်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အဖွဲ့လိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး Hluttaw Intranet စနစ် လက်တွေ့ပြသခြင်း၊ User Support အစီအစဉ်အား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသော မေးခွန်းများကို မေးမြန်းပြီး တာဝန်ရှိသူမှ ပြန်လည် ဖြေကြားပြီးနောက် ၁၅:၃၀ နာရီ အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရုံး၊ စီမံကိန်းဒါရိုက်တာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ e-Government ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ UNDP Programme Advisor, Chief Of Unit, Mr Joerg Stahlhut၊ လွှတ်တော်ရုံး(၃)ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုရုံးများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ CIOs၊ ACIOs၊ Implementation Agency ရုံးများမှ တာဝန်ခံများနှင့် လွှတ်တော်ဝန်ထမ်းများ၊ လွှတ်တော်အကူအညီပေးရေးအဖွဲ့အစည်းများ စသည်တို့ တက်ရောက်ခဲ့ကြသည်။

Hluttaw Intranet (SharePoint) System သည် Microsoft SharePoint Platform ကို အသုံးပြုထားပြီး စာရွက်စာတမ်းများအား စီမံခန့်ခွဲနိုင်သည့် Document Management System တစ်ခုဖြစ်ပါသည်။ ဤစနစ်တွင် စာရွက်စာတမ်းများအား တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် Share ပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ လွှတ်တော်လုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်သော စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

1 comment: