Thursday, May 9, 2019

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ဒုက္ခသည်များကို ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများကို ခြိမ်းခြောက်မှုများရှိနေသည့်အပြင် မြန်မာနိုင်ငံမှ ပြန်လက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ ယင်းဒုက္ခသည်များအနေဖြင့် သိရှိခြင်း မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ နပြည်တော်၌ မေ ၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးပြီးဆုံး၍ ပြန်လည်ထွက်ခွာစဉ် ပြည်ထောင်စုဝန်ကြီးက မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



“ပြန်ရောက်လာတဲ့သူတွေရဲ့ ပြောကြားချက်အရဆိုရင် မြန်မာနိုင်ငံက ပြန်လည်လက်ခံမယ်ဆိုတဲ့ ကိစ္စတွေ၊ မြန်မာနိုင်ငံက စီစဉ်ဆောင်ရွက်တဲ့ကိစ္စတွေကို ဒုက္ခသည်စခန်းတွေမှာ သိကိုမသိရဘူး။ သူတို့ထဲမှာလည်း ပြန်ချင်တယ်ဆိုရင် ခြိမ်းခြောက်တယ်။ ကျန်တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကို စိုးရိမ်နေရတဲ့အနေအထားဖြစ်တဲ့အတွက် သူတို့တွေ မတိုင်ပင်ဘူး။ သူတို့အစီအစဉ်နဲ့သူတို့ ဆက်သွယ်ပြီးတော့ ပြန်လာတာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံမည့်အကြောင်း၊ လုံခြုံရေးရရှိစေရန် ဆောင်ရွက်နေသည့် အကြောင်း၊ ရောက်ရှိလာသူများကို ၎င်း တို့ရွာနှင့် အနီးစပ်ဆုံးတွင် ထားမည့်အကြောင်း စသည့်ကြေညာချက်များကို ဒုက္ခသည်စခန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မသိသည့်အတွက် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေခြင်းအပေါ် UEHRD က ဦးစီး၍ ဒုက္ခသည်များထံ ပန်းဖလပ်များ ဖြန့်ဝေပေးနေကြောင်း ၎င်းက ပြောကြားသည်။

ဒုက္ခသည် ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် MoU ရေးထိုးထားသည့်အပြင် UNHCR၊ UNDP တို့နှင့်လည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရန် အသင့်ဖြစ်နေသည့်အတွက် ကိုယ့်အစီအစဉ်ဖြင့် ပြန်လာသည့်သူများကိုလည်း စနစ်တကျစိစစ်၍ ၎င်းတို့ မူလနေထိုင်ခဲ့သော ရွာများကို ပြန်လည်ပို့ဆောင်ပေးလျက် ရှိကြောင်းနှင့် တစ်ဖက်နိုင်ငံ အနေဖြင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက အောင်အောင်မြင်မြင် မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ပေးပို့လာသည့် စာရင်းများတွင် ဒုက္ခသည် ၂၀၀၀၀ ကျော် ရှိသည့်အတွက် ပြန်လည်စိစစ်ရာ မြန်မာနိုင်ငံ၌ နေထိုင်ဖူးသည့် လူဦးရေသည် ၁၀၀၀၀ ကျော်ခန့်သာ ရှိကြောင်း၊ ပြန်လက်ခံမည့်ကိစ္စ အကြောင်းကြားပြီး ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ ပုံမှန်တွေ့ဆုံ၍ ပြန်လည် လက်ခံနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

No comments:

Post a Comment