Thursday, May 9, 2019

NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူ

လက်ရှိတစ်ဆို့နေသော ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အဖြေရှာနိုင်ရန်အတွက် NCA တွင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူလိုက်ပြီး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၄ရက်မှ ၁၈ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက The Ladies News သို့ ပြောကြားသည်။



အစည်းအဝေးတွင် အစိုးရ၊တပ်မတော်တို့နှင့် ဆွေးနွေးရန် အတွက်အပစ်ရပ်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကို ပြန်လည်စုဖွဲ့မည်ဟု ဆိုသည်။

" PPST က ဒယိမ်းဒယိုင်ဖြစ်သွားတာ ၆လကျော်သွားပြီလေ။အောက်တိုဘာ ၂၅ နောက်ပိုင်းမှာ PPST ကလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ ခေါင်းဆောင်နှစ်ယောက်ကလည်း ဦးမဆောင်နိုင်တော့တဲ့အခါကျတော့ PPST ကိုပြန်လည်သုံးသပ်ပြီးတော့ စုဖွဲ့ရမယ့် အခြေအနေရောက် သွားတယ်" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ုပြီးခဲ့သည့် ၂၀၁၈ အောက်တိုဘာ ၁၅၊ ၁၆ ရက်များတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော် ကိစ္စတို့ကိုဆွေးနွေးရာ၌ သဘောထားမတိုက်ဆိုင်မှုများပေါ်ပေါက်ခဲ့သည်။

ထိုသို့သဘောထားမတိုက်ဆိုင်မှုများပေါ်ပေါက်ပြီးသည့်နောက်ပိုင်းတွင် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ကြေညာခဲ့ပြီး၊ ရှမ်းပြည်ပြန်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင်ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။

ထို့အတွက်ကြောင့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် ၁၀ဖွဲ့ တို့ကြား တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများသည်လည်း အလိုလိုရပ်ဆိုင်းခဲ့ရသည်။ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် အရေးပေါ်အစည်းအဝေးတွင် တရားဝင်ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ရသည့် အခြေအနေများကို ပြန်လည်သုံးသပ်မည်ဟု ဆိုသည်။

" ရပ်ဆိုင်းလောက်အောင်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကိုပြန်သုံးသပ်ရမှာပေါ့။ အဓိကတော့ ဒီဘက်က KNU နဲ့ RCSS က ပါဝင်မှုယာယီရပ်ဆိုင်းတာတို့ဘာတို့ ကြေညာတဲ့နောက်ပိုင်းမှာ ဒါဖြစ်သွားတာပဲ ဆက်ပြီးတော့။ အဲဒါကြောင့် အဲဒီဟာကို ညှိနှိုင်းအဖြေရှာရမှာပေါ့" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောကြားသည်။

No comments:

Post a Comment