Thursday, May 9, 2019

လေယာဉ်တစ်စီးပြေးလမ်းချော်၍ (၂)နာရီကျော်ပိတ်ထားရသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ည (၉)နာရီကျော်တွင် ပြန်လည်ဖွင့်လှစ်

ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ် ပြေးလမ်းချော်သွားသဖြင့် လေယာဉ်အတက်အဆင်း ခေတ္တပိတ်ထားရသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည (၉)နာရီ (၁)မိနစ်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Hazrat Shah Jalal International Airport မှ ပျံသန်းလာသည့် ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ်သည် ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နေ့ ညနေ (၆) နာရီ မိနစ် (၅၀)ခန့်က လမ်းချော်သွားပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း Bangladesh Aviation Hub မှ ည(၈)နာရီ (၂၈)မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။

လေယာဉ်သည် ပြေးလမ်းအမှတ် (၂၁) တွင် လမ်း၏ဝဲဘက်အခြမ်းသို့ လမ်းချော်သွားခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

လေယာဉ်မှာ ပြေးလမ်းချော်သွားပြီး (၃)ပိုင်းခေါက်သွားသည်ကိုတွေ့ရကြောင်း Zaw Min Htun ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဓါတ်ပုံများနှင့်တင်ထားသည်ကိုတွေ့ရပြီး ပြည်တွင်းမှ ထပ်မံဆင်းသက်မည့်လေယာဉ်များ နေပြည်တော်သို့ ပြန်လှည့်သွားရကာ ပြန်ပလေယာဉ်များလည်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြန်လှည့်၍ စောင့်ဆိုင်းနေကြသည်ဟု ည(၇)နာရီ (၃၁)မိနစ်တွင် တင်ထားသည်ကို တွေ့ရသည်။

ပြေးလမ်းချော်ရသည့်အကြောင်းရင်းကို မသိရသေးဘဲ ယနေ့ညနေပိုင်းတွင် ရန်ကုန်လေဆိပ်ဝန်းကျင်တွင် ရာသီဥတုဆိုးဝါးနေပြီး မိုးကြိုးမုန်တိုင်းများရှိနေသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ည (၆)နာရီ (၁၉)မိနစ်မှစ၍ (၁၅)မိနစ်အကြာ လေယာဉ်အတက်အဆင်းများ ခေတ္တ ရပ်ဆိုင်းထားခဲ့ရာမှ ပုံမှန်အတိုင်းပြန်လည်ဖွင့်လိုက်ပြီးဖြစ်ကြောင်းကို ည(၆)နာရီ (၃၈)မိနစ်တွင် ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

No comments:

Post a Comment