Thursday, May 9, 2019

ကလေးတွေ နည်းပညာစွဲလမ်းမှုပြဿနာ မကြုံစေဖို့

နည်းပညာထွန်းကားလာတဲ့ခေတ်မှာ နည်းပညာ Gadget တွေနဲ့ ကလေး တွေကို ခွဲခြားထားနိုင်ဖို့ ပိုပြီးခက်ခဲလာပါတယ်။ အထူးသဖြင့် Tablet ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေကို ဒီနေ့ခေတ် ကလေးသူငယ်တွေက လက်လှမ်းမီမီ အသုံးပြုနေပါပြီ။ ကလေးတွေနဲ့ နည်းပညာနီးစပ်လာမှု ဟာ အကောင်းအဆိုးဒွန်တွဲနေပြီး ပညာရှင်တွေကြားမှာကို အငြင်းအခုံ တွေ ရှိနေပါတယ်။

Screen အသုံးပြုမှုများလွန်းရင် ကလေးတွေရဲ့ အမြင်အာရုံနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ကြောင်း သတိပေးတာတွေရှိသလို ကလေးတွေအတွက် သီးသန့် ဖန်တီးထားတဲ့ App တွေနဲ့ ကာတွန်းဗီဒီယိုလေးတွေ ကနေတစ်ဆင့် ဗဟုသုတတိုးပွားအောင် သင်ယူနိုင်တဲ့ ကောင်းကျိုးမျိုးကို လည်း မေ့ထားလို့မရပါဘူး။ သေချာတာကတော့ တန်ဆေး၊ လွန်ဘေးဆိုတဲ့စကားအတိုင်း ကိုယ့်ကလေးက Screen နဲ့ မျက်နှာမခွာတမ်းဖြစ်နေရင် တော့ ဘယ်လိုမှ မကောင်းပါဘူး။

ဒါကြောင့် ကလေးတွေကို နည်းပညာစွဲလမ်းမှုမျိုးမဖြစ်စေဘဲ သင့် တင့်မျှတတဲ့ သုံးစွဲနိုင်မှုမျိုးရှိနေအောင် ကြပ်မတ်ပေးဖို့ သိပ်အရေးကြီး ပါတယ်။ ဒီအတွက် ဘယ်လိုလုပ်ဆောင်မှုတွေ လိုအပ်သလဲဆိုတာကို အကြံပြုဖော်ပြလိုက်ပါတယ်။


အချိန်ကန့်သတ်ပါ

ဒါကတော့ အခြေခံအကျဆုံးလုပ်ရမယ့် ကိစ္စပါပဲ။ ကလေးရဲ့ အ သက်အရွယ်နဲ့ ချိန်ညှိပြီး တစ်နေ့ကို Screen အသုံးပြုချိန် ဘယ်လောက်ပဲ  ရှိရမယ်ဆိုတာကို စည်းကမ်းသတ်မှတ်ထားရပါမယ်။ အဲဒီ စည်းကမ်းကို  လိုက်နာဖို့လည်း သေသေချာချာကိုင်တွယ် ဆုံးမထားရပါမယ်။ ပြီးတော့ ကလေးက Screen နဲ့ မျက်နှာဘယ်လောက်အနီးအဝေးထားပြီး ကြည့်နေတတ်သလဲဆိုတာကို ဆန်းစစ်ပြီး သင့်တော်မှန်ကန်အောင် ပြင်ဆင်ပေး ဖို့လည်း လိုပါတယ်။

နီးနီးနေပါ

ကိုယ့်ရဲ့ ကလေးက YouTube ကနေ ဘယ်လိုဗီဒီယိုတွေ ကြည့်နေ သလဲ၊ ဒါမှမဟုတ် ဘယ်လို App တွေကို သုံးစွဲနေသလဲဆိုတာကို မျက် ခြည်မပြတ် စောင့်ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် ကလေးက နည်းပညာ Gadget တစ်ခုခုသုံးပြီဆိုတာနဲ့ သူနဲ့ ခပ်နီးနီးမှာ ရှိနေပြီး ဘာတွေလုပ်နေသလဲဆိုတာကို အခါအားလျော်စွာ လေ့လာကြည့်နေဖို့ အရေးကြီးပါ တယ်။ Kids Mode လို နည်းပညာအထောက်အပံ့တွေ သုံးလို့ရတယ်  ဆိုပေမယ့် ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်ကြည့်နေတာကတော့ အကောင်းဆုံး  ဖြစ်မှာပါ။


ဆွေးနွေးပါ

ကလေးက ဉာဏ်ရည်ဖွံ့ဖြိုးမှု အထောက်အကူပြု အစီအစဉ်လေး တွေ၊ ဗီဒီယိုလေးတွေ YouTube မှာ ကြည့်လာတယ်ဆိုပါစို့။ အဲဒီ အ ကြောင်းအရာလေးတွေကို မမေ့အောင်၊ ဆင့်ပွားစဉ်းစားနိုင်အောင် မိဘတွေက ပြန်ပြီးဆွေးနွေးစကားပြောသင့်ပါတယ်။ တစ်ခါတလေ ကလေး က ကြည့်ချင်ပေမယ့် မိဘတွေက အဆင်မပြေလောက်ဘူးလို့ ယူဆတဲ့ ဗီဒီယိုမျိုးတွေ့လာရင်လည်း ဒါကို ဘာကြောင့်မကြည့်သင့်သလဲ ဆိုတာ မျိုးကို ကလေးဉာဏ်မီသလောက် အတတ်နိုင်ဆုံး နားလည်အောင် ကြိုး စားပြီး ဖြေရှင်းပြရမှာ ဖြစ်ပါတယ်။


စံပြဖြစ်ပါစေ

မိဘတွေက ကလေးတွေရဲ့ အနီးကပ်အတုယူရတဲ့ ပုဂ္ဂိုလ်တွေဖြစ် ပါတယ်။ သူတို့ရဲ့ ဟီးရိုးတွေဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် တခြား ကဏ္ဍတွေမှာလိုပဲ စမတ်ဖုန်းနဲ့ စမတ် Gadget တွေ အသုံးပြုမှုမှာ ကိုယ်တိုင်က စည်းကမ်းတကျနေပြဖို့ လိုပါတယ်။ ကလေးကို တစ်နေ့တစ်နာရီပဲ Tablet ပေးကြည့်မယ်လို့ စည်းကမ်းထုတ်ပြီး မိဘတွေ ကိုယ်တိုင်က တော့ တစ်နေကုန် စမတ်ဖုန်းနဲ့ မျက်နှာမခွာရင် ကလေးဘက်ကလည်း စည်းကမ်းလိုက်နာမှု ရှိတော့မှာမဟုတ်ပါဘူး။ အရပ်စကားနဲ့ဆိုရင် ‘‘ငါ ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့’’ဆိုတဲ့ အချိုးမျိုးကို ကိုယ်တိုင်ရှောင်ကြဉ်ဖို့လိုပါတယ်။


နည်းပညာ ကင်းမဲ့ကာလ

စမတ် Gadget တွေ အသုံးပြုတဲ့အချိန်ကို ကန့်သတ်သလို စမတ် ဖုန်းနဲ့ တခြားနည်းပညာပစ္စည်းတွေ လုံးဝမသုံးတဲ့ အချိန်ကာလတစ်ခုကို လည်း တစ်မိသားစုလုံးမှာ သတ်သတ်မှတ်မှတ်ထားရှိဖို့ လိုပါတယ်။ အဲဒီအချိန်မှာ အဖေ၊ အမေနဲ့ သားသမီးအားလုံး စမတ်ဖုန်းတွေ၊ Tablet တွေကို ခပ်ဝေးဝေးထားပြီး မိသားစု ပိုမိုရင်းနှီး နွေးထွေးစေမယ့် ကိစ္စလေးတွေ လုပ်နေသင့်ပါတယ်။ ဒီအလေ့အကျင့်က ကလေးတွေရဲ့ စမတ် Gadget အလွန်အကျွံစွဲလမ်းမှုကို ထိထိရောက်ရောက် လျှော့ချနိုင်ပါတယ်။
အိပ်ရာနဲ့ ဝေးဝေးမှာ
လေ့လာသူ အများစုရဲ့အဆိုအရ အိပ်ခါနီး ခဏတစ်ဖြုတ် ဖုန်းဖွင့်ကြည့်လိုက်သူအများစုဟာ ပျမ်းမျှတစ်နာရီလောက်ထိ အချိန်ကြာအောင် ဆက်သုံးဖြစ်နေတယ်လို့ဆိုပါတယ်။ ကလေးတွေလည်း အိပ်ရာဝင်ခါနီး စမတ်ဖုန်းနဲ့ Tablet တွေကြည့်မိရင် မျက်လုံးကြောင်ပြီး အိပ်ချိန် မူမမှန် တာမျိုး ဘေးထွက်ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် စမတ် Gadget တွေကို အိပ်ခန်းထဲမှာမထားရင် အကောင်းဆုံးပါပဲ။

အကြံဉာဏ်ယူပါ
ကိုယ့်ရဲ့ ကလေးက စမတ်ဖုန်းနဲ့ Tablet တွေကို အလွန်အကျွံ စွဲလမ်းလာပြီလို့ သံသယရှိရင်တော့ အလေးအနက် သဘောထားကိုင် တွယ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ် နဲ့ ညွှန်ကြားချက်တွေကို ရယူဖို့က သိပ်အရေးကြီးသွားပါပြီ။ ဒီလို အခြေအနေမျိုးကို ပေါ့ပေါ့ဆဆ သဘောထားမိရင်တော့ ကလေးမှာ စိတ်ပိုင်း ဆိုင်ရာနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာနိုင်တာကို အလေးအနက် သတိထားသင့်ပါတယ်။

No comments:

Post a Comment