Thursday, May 9, 2019

ပြည်နယ်ဘဏ္ဍာငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် ကျိုက်ထီးရိုးစေတော်၊ အမှိုက်ဖျက်ဆီးစက်၏ ကုန်ကျမှုငွေ တစ်ဝက်အား ဘုရားဘဏ္ဍာတော်မှ ကျပ်(၂၄၂)သန်း ရယူသုံးစွဲ ဆောင်ရွက်ခဲ့

ပြည်နယ်ဘဏ္ဍာငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် ကျိုက်ထီးရိုးစေတော်၊ အမှိုက်ဖျက်ဆီးစက်၏ ကုန်ကျမှုငွေ တစ်ဝက်အား ဘုရားဘဏ္ဍာတော်မှ ကျပ်(၂၄၂)သန်း ရယူသုံးစွဲ ဆောင်ရွက်ခဲ့ကြောင်း ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေလ ၇ ရက် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းစဉ်ထည့်သွင်းပြောဆိုခဲ့သည်။



ကျိုက်ထီးရိုးတောင်ပေါ်ရှိအမှိုက်ဖျက်ဆီးစက် ဆောင်ရွက်ထား သည့်ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းဖြင့် ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်အတွက် အမှိုက်ဖျက်ဆီး မည့်စက် (၁)လုံးနှင့် ဆက်စပ် လုပ်ငန်းများဆောင်ရွက်ရန် ဆိုကာ ကျပ်သန်း (၄၀၀)ဖြင့် ခွင့်ပြုဆောင်ရွက်စေခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အမှိုက်ဖျက်ဆီးမည့် စက်ဆောင်ရွက်ထားရှိမှုအား သွားရောက်လေ့လာခဲ့ကြရာ၊ ပြည်နယ် အစိုးရအဖွဲ့ရဲ့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့သည့် လုပ်ငန်းဖော်ပြချက်အရ အမှိုက်ဖျက်ဆီးမည့်စက်မဟုတ်ဘဲ အမှိုက်ခွဲခြားသန့်စင်စက် ဟူ၍သာ ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှာ TMA Co.;Ltd ဖြစ်ပြီး စတင်စမ်းသပ်လည်ပတ်လျှက် တွေ့ရှိရကြောင်း၊ ပြည်နယ်ဘဏ္ဍာငွေဖြင့် အမှိုက်ဖျက်ဆီးမည့်စက် (၁)လုံးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန် ဟူ၍ အတည်ပြုပြီး ဆောင်ရွက်စေခဲ့ပါသော်လည်း လက်တွေ့တွင် အမှိုက်ခွဲခြား သန့်စင်စက်သာ တည်ဆောက်ခဲ့သည်ကို ကွဲလွဲစွာကိုတွေ့ရှိရသည်။

ကုန်ကျငွေ ကျပ်သန်း(၄၈၄)ဖြင့် တင်ဒါရွေးချယ်အတည်ပြုခဲ့ကြပြီး အစိုးရအဖွဲ့မှ ကျပ် ၂၄၂ သန်းနှင့် ဂေါပကအဖွဲ့မှ ကျပ် ၂၄၂သန်း ဖြင့် ဆောင်ရွက်ခဲ့သည်ကို ကြားသိရကြောင်း၊ မူလဘဏ္ဍာငွေ ခွင့်ပြုပေးခဲ့ရာတွင် ကျပ်သန်း (၄၀၀)ဖြင့် ခွင့်ပြုခဲ့ပါသော်လည်း အစိုးရအဖွဲ့မှထုတ်သုံးငွေမှာကျပ်သန်း ၂၄၂ သာ ဖြစ်သည်ကို တွေ့ရှိရသည်။

ထို့အပြင် ကုမ္ပဏီမှ စက်ရုံလုပ်ငန်းစတင် ဆောင်ရွက်မှုနှင့် ပြီးစီးမှုသည် ဘဏ္ဍာရေးနှစ်၊ သတ်မှတ်ကာလထက် ပိုမိုကျော်လွန်နေသည်ကို တွေ့ရှိရကြောင်း၊ မေးမြန်းလိုသည်မှာ ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရန်ပုံငွေဖြင့် အစိုးရအဖွဲ့ငွေလုံးငွေရင်း ကျပ်သန်း (၄၀၀)ဖြင့် အမှိုက်ဖျက်ဆီးမည့်စက်အား ဆောင်ရွက် ထားရှိမှု အခြေအနေအား ကိုယ်စားလှယ်ဒေါက်တာအောင်နိုင်ဦးက မေးမြန်းခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်မှ ပြန်လည်ဖြေကြားရာတွင် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်(ဧပြီလမှစက်တင်ဘာလ) ရန်ပုံငွေဖြင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်ဖျက်ဆီး မည့်စက်တစ်လုံးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို T.M.A Recycle Co.;Ltdနှင့် တင်ဒါကာလတိုးမြင့်သဖြင့် Wong Fong Myanmar Co.;Ltd မှ အဆိုပြုလွှာ ထပ်တိုးတင်ပြခဲ့ကြောင်း၊ တင်ဒါကော်မတီမှ T.M.A Recycle Co.;Ltd မှ အဆိုပြု တန်ဖိုးကျပ်(၄၈၄)သန်းဖြင့် အတည်ပြုရွေးချယ်၍ ဆောင်ရွက်စေခဲ့သည်။

လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်းလုပ်ငန်းတန်ဖိုး၏ ၅၀%ဖြစ်သောငွေကျပ် (၂၄၂)သန်းကိုမွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလ)ခွင့်ပြုရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခဲ့ပြီးကျန် ၅၀%ဖြစ်သောငွေကျပ် (၂၄၂)သန်းနှင့် ပတ်သက်၍ ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေနိုင်ရေးအတွက် နာယကအဖွဲ့များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းချက်အရ သဘောတူကြောင်း ပြန်ကြားလာသည့် အတွက် ကျန်ငွေအားကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့ရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ထွက်ရှိလာသောအမှိုက်များကို ခွဲခြားသန့်စင်သည့် စနစ်အဆင့်သာဖြစ်၍ သန့်စင်ပြီးနောက် ထွက်ရှိလာသော မြေသြဇာများ၊ ပလပ်စတစ်နှင့်ဘူးခွံများကို ယာယီသိုလှောင် ထားရှိခြင်းသာဖြစ်သည့်အတွက် ရေရှည်တွင် အဆိုပါထွက်ရှိ လာသည့် သန့်စင်ခွဲခြားပြီးအမှိုက်များ၏ မြေသြဇာများကို ဆက်လက်ဆောင်ရွက်မည့်စနစ်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် ပြန်လည်အသုံးပြု၍မရသည့် စွန့်ပစ်ပစ္စည်း များနှင့် အညစ်အကြေးများကို ကျိုက်ထီးရိုးတောင်ပေါ်မှ သယ်ယူဖယ်ရှားရှင်းလင်းနိုင်ရေးကိုလည်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဆက်စပ်မေးမြန်းရာတွင် အမှိုက်ဖျက်သိမ်းစက်တည်ဆောက်ရေးအတွက် ၂၀၁၈၊ ဧပြီလမှစက်တင်ဘာလအထိ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ သန်း(၄၀၀)ဖြင့် အတည်ပြုခဲ့ပြီး တင်ဒါခေါ်ယူစဉ်တွင်လည်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဟူ၍ သတင်းစာများတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

ပညာရှင်အနေဖြင့် လုပ်ငန်းအကြိုလေ့လာတင်ပြခဲ့သူမှာ ဦးလင်းမင်းဌေးဖြစ်ပြီး လုပ်ငန်းတင်ဒါအနိုင်ရခဲ့သည့် TMAကုမ္မဏီ၏ MDမှာလည်း ဦးလင်းမင်းဌေးသာဖြစ်နေသည်မှာ ထူးခြားကြောင်း၊ တင်ဒါရကုမ္မဏီမှ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပြည်နယ်အစိုးရ အဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၉၊ ဖေဖေါ်ဝါရီလ(၈)ရက်နေ့ တွင် ယင်းလုပ်ငန်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဝက်ဖြစ် သည့် (၂၄၂)သန်းကို ကျခံပြီးတော့ ကျန်တစ်ဝက်ဖြစ်သည့် (၂၄၂)သန်းကို ဘုရား ဘဏ္ဍာရန်ပုံငွေထဲက သုံးစွဲကျခံပေးရန် စာပေးပို့ခဲ့ပြီး နာယကအဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုအဆင့်ရှိ ပြည်ထောင်စုဝန်ကြီး(၂)ပါးတို့ထံမှ သဘောတူညီချက်ဟုဆိုကာ ဘုရားဘဏ္ဍာတော်ရန်ပုံငွေမှ (၂၄၂)သန်းအား ရယူဆောင်ရွက်ခဲ့ သည့်အပေါ် သြ၀ါဒစရိယအဖွဲ့ ဆရာတော်များမှ ကျေနပ်မှုမရှိသဖြင့် ၀န်ကြီးချုပ်ထံ အသိပေးအကြောင်းကြားခဲ့ပါသော်လည်း သြ၀ါဒခံယူခဲ့ခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

သြ၀ါဒစရိယ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် လေသာဆရာတော် ဘဒ္ဒန္တဦပဏ္ဍိတ၏ တင်ပြစာတွင် လုပ်ငန်းမစတင်မှီက အစိုးရအဖွဲ့ ဘဏ္ဍာငွေဖြင့်သာ သုံးစွဲမည်ဟု တင်ပြလျှောက်ထားခဲ့ပါသော် လည်း စက်ရုံတည်ဆောက်ပြီးခါနီးမှ ဘုရားဘဏ္ဍာတော်ငွေထဲမှ ကုန်ကျငွေတစ်ဝက်အား ရယူသုံးစွဲခဲ့ခြင်းအား သဘောမတူသဖြင့် ကန့်ကွက်စာရေးသား၍ ၀န်ကြီးချုပ်ထံ ပေးပို့ခဲ့ကြောင်း၊ သို့ပါ၍ သြ၀ါဒစရိယအဖွဲ့ဆီ သွားရောက်လမ်းညွှန်မှု ခံယူခဲ့ခြင်းမရှိပါလျှက် ပြည်နယ်အစိုးရအဖွဲ့မှ အမှိုက်ဖျက်ဆီးစက်ကုန်ကျငွေ တစ်ဝက်အား ဘုရားဘဏ္ဍာတော်ငွေမှ ရယူသုံးစွဲဆောင်ရွက်ခဲ့ခြင်းသည် မည်သည့်လုပ်ပိုင်ခွင့်၊ မည်သို့သော လုပ်ထုံးလုပ်နည်းနဲ့ဆောင်ရွက် ခဲ့သည်ကို ဒေါက်တာအောင်နိုင်ဦးက ဆက်စပ်မေးခွန်းမေးမြန်း ခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ ၀န်ကြီးက ဆက်စပ်မေးခွန်း၏ နောက်တွင် ရည်ရွယ်ချက်များ အများကြီးရှိသည်ဟု သုံးသပ်မိသည့် အတွက် လွှတ်တော်သည် တရားစီရင်ရေးဌာနမဟုတ်သည့်အတွက် ယခုကဲ့သို့မေးခွန်းအား စာဖြင့် (၁၀)ရက်အတွင်း ပြန်လည်ဖြေကြား ခွင့်ပြုပါရန် တင်ပြခဲ့သည်။

No comments:

Post a Comment