Thursday, May 9, 2019

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲရှိနေ

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။ “ကျွန်မတို့ သွားတာက ပရယ်တော်ကျေးရွာကို သွားလှူတာ။ ထားလဲရွာကနေဆို မိနစ် ၂၀ လောက် ဆက်သွားရတယ်။ ကလေးတွေ ရေမချိုးရတာ တစ်လကျော်ပြီတဲ့။ ရေချိုးပေးချင်တယ်ပေါ့နော်။ ကျွန်မတို့ ချိုးပေးမယ် ဆိုတော့ သူတို့ကလေးတွေ တန်းစီပိုက်ပြီးတော့မှ လာစောင့်ကြတယ်။ သူတို့ကိုယ်သူတို့ ကျတော့ ရေကို အရမ်းမသုံးရဲဘူး။ အရမ်းရှားလို့ပေါ့နော်”ဟု ဖေးကူလက်များပရဟိအဖွဲ့မှ မအိက ဆိုသည်။



ဖရူဆိုမြို့နယ် တောင်ပေါ်ကျေးရွာများမှာနေ တိုင်းရင်းသား ကရင်နီ မျိုးနွယ်စုများသာ နေထိုင်၍ တောင်ယာလုပ်ငန်း တစ်ခုတည်းဖြင့်သာ အသက်မွေးကြပြီး သောက်သုံးရေအတွက် မိုးရေနှင့် တောင်ကျရေများကိုသာ အဓိကထား အသုံးပြုနေကြရာ လွန်ခဲ့သည့် ၂၀၁၄ မှစတင်၍ တောင်ကျရေထွက်များမှာ တဖြည်းဖြည်း ရေကျနည်းလာကြောင်း သိရသည်။

ကယားပြည်နယ်တွင် ဖရူဆိုမြို့နယ်တွင်သာမက ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်များရှိ တောင်ပေါ်ရွာများမှာ ရေထွက်ပေါက်များမှ ရေခန်းလာသောကြောင့် နှစ်စဉ် ရေခက်ခဲမှုများ ကြုံတွေ့နေရပြီး ပရဟိတအဖွဲ့များကသာ အများဆုံး လာရောက် ကူညီကြကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အနီးရှိ ကျေးရွာများတွင် ရေတူးရန် ခက်ခဲသောကြောင့် အစိုးရ မဟုတ်သော အဖွဲ့များ၊ အစိုးရဌာနဆိုင်ရာများ၊ ကျေးရွာ ကိုယ်ထူကိုယ်ထ အဖွဲ့များမှ အများသုံး ရေကန်များ လာရောက် ဆောက်လုပ်ပေးသော်လည်း မိုးရာသီအချိန်တွင်သာ ရေကို သိုလှောင်ထားနိုင်ပြီး ကျန်အချိန်များတွင် သောက်သုံးရေ ခက်ခဲနေသေးကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် သောက်သုံးရေအတွက် ရေကျများသော တောင်အောက် ရေထွက်ပေါက်များ ရှိရာသို့ သွားရောက် သယ်ယူနေရပြီး ခြေကျင်ဖြင့် အနည်းဆုံး တစ်နာရီခန့် သွားရသော နေရာများ ဖြစ်ကြောင်း၊ ရေကား တစ်စီးလျှင် ကျပ်သုံးသောင်းခွဲဖြင့် ဝယ်ယူသုံးစွဲရကြောင်း သိရသည်။

ကယားပြည်နယ်တွင် ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် နှစ်စဉ် ရေခက်ခဲလျက် ရှိသောကြောင့် အစိုးရက ရေရရှိရေးအတွက် နှစ်စဉ် ကွင်းဆင်းလေ့လာ တွက်ချက်မှုများ ပြုလုပ်ကြကြောင်း သိရသည်။

No comments:

Post a Comment