Thursday, May 9, 2019

နျူကလီးယားသဘောတူချက်အသစ် မရရှိပါကအဆင့်မြင့် ယူရေနီယံသန့်စင်လုပ်ငန်းများ ပြန်စမည်ဟုအီရန် ခြိမ်းခြောက်

ရက် ၆၀ အတွင်းအင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူစာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိပါကအဆင့်မြင့် ယူရေနီယံသန့်စင်လုပ်ငန်းများ ပြန်လည်စတင်မည်ဖြစ်ကြောင်း၊ လက်ရှိမှာပင် နျူကလီးယားအစီအစဉ်များမှ ပိုလျှံသည့် ယူရေနီယံများကိုစုဆောင်းနေပြီဖြစ်ကြောင်းအီရန်ကမေ ၈ ရက်တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။



အီရန် နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်သည့် နှစ်ပတ်လည်ကာလတွင် အီရန်သမ္မတဟတ်ဆန် ရိုဟာနီက ခြိမ်းခြောက်ပြောကြားလိုက်ခြင်း ဖြစ်သည်။ စာချုပ်တွင် ကျန်ရှိသည့် ဗြိတိန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီတို့နှင့် သဘောတူညီချက်အသစ်များရရှိလိုကြောင်း ၎င်းက ပြောသည်။

အထက်ပါနိုင်ငံခေါင်းဆောင်များထံသို့ အီရန်ကအကြောင်းကြားစာများပေးပို့ထားပြီဖြစ်ပြီး ရုရှားသို့လည်းပေးပို့မည်ဖြစ်ကြောင်းသိရသည်။ “အသစ်ဆွေးနွေးမှုတွေကသဘောတူစာချုပ်ကိုအသက်ဆက်နိုင်စေဖို့ပဲ၊ သတ်ပစ်ဖို့မဟုတ်ဘူး” ဟုမစ္စတာ ရိုဟာနီကပြောသည်။

အထက်ပါ နိုင်ငံများနှင့် သဘောတူညီချက်အသစ်များဆွေးနွေးအတည်ပြုနိုင်မည်ဆိုပါကအီရန်အနေဖြင့် နျူကလီးယားသဘောတူစာချုပ်အတိုင်းဆက်လက်လိုက်နာသွားမည်ဟုသမ္မတ ရိုဟာနီကပြောသည်။

၂၀၁၅နျူကလီးယားသဘောတူစာချုပ်အရအီရန်ကယူရေနီယံသန့်စင်လုပ်ငန်းများအရှိန်လျှော့ပေးရမည်ဖြစ်ပြီး နိုင်ငံတကာကဆန်ရှင်များဖြေလျှော့ပေးရမည်ဖြစ်သည်။စာချုပ်အရအီရန်သည် အဆင့်နိမ့် သန့်စင် ယူရေနီယံ ၃၀ဝ ကီလိုဂရမ်ထိသာလက်ဝယ်ထားခွင့်ရမည်ဖြစ်ပြီးယခင်ကအဆင့်မြင့် သန့်စင် ယူရေနီယံ ၁၀ဝ၀ဝ ကီလိုဂရမ်ထိပိုင်ဆိုင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ သို့သော် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် စာချုပ်မှ နုတ်ထွက်ခဲ့ပြီးအီရန်အပေါ် ဆန်ရှင်များ ပြန်လည်ချမှတ်ခဲ့သည်။

No comments:

Post a Comment