Thursday, May 9, 2019

ယာဉ်မတော်တဆမှုဖြစ်ရာမှ ယာဉ်တစ်စီးက ကလေးငယ်အုပ်စုအတွင်းသို့ ၀င်တိုက်မိခြင်းကြောင့် ကလေးနှစ်ဦးသေ၊ အခြား ၁၃ ဦး ဒဏ်ရာရ

Image may contain: car and outdoorဂျပန်နိုင်ငံ Otsu မြို့တွင် ယနေ့(မေ ၈)နံနက်ပိုင်းက မော်တော်ယာဉ်နှစ်စီးမတော်တဆဖြစ်ရာမှ ယာဉ်တစ်စီးက ကလေးငယ်များအုပ်စုအတွင်းသို့ ၀င်တိုက်မိခြင်းကြောင့် ကလေးငယ် နှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ မော်တော်ယာဉ်နှစ်စီး မတော်တဆဖြစ်ကာ တိုက်မိရာမှ ယင်းတို့အနက်မှ တစ်စီးသည် နေ့ကလေးထိန်းကျောင်းမှ လမ်းလျှောက်ပြန်လာကြသော အသက် ၂နှစ်နှင့် ၃နှစ်အကြား ကလေးငယ်များအုပ်စုအတွင်းသို့ ၀င်တိုက်မိခြင်းဖြစ်သည်။
သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးမှာ အသက် ၂နှစ်အရွယ်များဖြစ်ကြပြီး၊ ၁၃ ဦးဒဏ်ရာရရှိသည့်အနက် ၂ ဦးမှာလည်း စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ကလေးများနှင့်အတူ လိုက်ပါလာသော နေ့ကလေးထိန်းကျောင်းမှဆရာနှစ်ဦးလည်း ဒဏ်ရာရရှိကြသည်။

ထို့ကြောင့် မော်တော်ယာဉ်မောင်းနှစ်ဦးဖြစ်ကြသည့် မစ္စ Fumiko Shintate(အသက် ၅၂နှစ်)နှင့် မစ္စ Michiko Shimoyama(အသက် ၆၂နှစ်)တို့ကို ချက်ခြင်းပင် ဖမ်းဆီးအရေးယူထားသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာမှာ Otsu မြို့ လမ်းသွားလမ်းလာများ ကားဖြတ်ကူးသည့်နေရာဖြစ်ပြီး၊ မီးပွိုင့်စိမ်းသည်ကို စောင့်နေကြသည့် ကလေးငယ်များအား ၀င်တိုက်မိခြင်းသည်။

မစ္စ Fumiko Shintate မောင်းနှင်လာသောကားသည် ညာဖက်သို့ကွေ့လိုက်စဉ် ယင်းနှင့်ဆန့်ကျင်ဖက်ယာဉ်လမ်းကြောင်းမှနေ၍ မစ္စ Michiko Shimoyama မောင်းနှင်လာသော မီနီဗင်ကားကို ၀င်တိုက်မိပြီးနောက် အဆိုပါ မီနီဗင်ကားက ကလေးအုပ်စုအတွင်းသို့ ၀င်တိုက်မိခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ထံမှ ကနဦးသိရသည်။

No comments:

Post a Comment