Thursday, May 9, 2019

တောင်ကြီးမြို့မဈေးတွင် ဈေးသည်ကို အက်စစ်ဖြင့်ပက်သူကို အမှုဖွင့်အရေးယူ

မေ ၇ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ဂုဏ်ထူးလမ်းနေ ဒေါ်ဝင်းဝင်းမော်(ခ)ဒေါ်ချို(၄၈)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးစိုင်းနှင့်အတူ တောင်ကြီး မြို့မဈေး၊ ပျံကျဈေးတွင် ပဲပုတ်များရောင်းချနေစဉ် ယခင်က ရန်ဖြစ်ခဲ့ဘူးသူ တစ်ရပ်ကွက်တည်းနေ ဒေါ်အေးမြင့်ရောက်ရှိလာပြီး ဒေါ်ဝင်းဝင်းမော်(ခ) ဒေါ်ချိုအား "ဘာအချိုး ချိုး တာလဲ"ဟု ဆိုကာ ၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသည့် ရေသန့်ဘူးအတွင်းမှ အက်စစ်အရည်ပျော့များဖြင့် ပက်၍ ထွက်သွားခဲ့သည်ဟု ဆိုသည်။



ဒေါ်ဝင်းဝင်းမော်(ခ)ဒေါ်ချိုတွင် မျက်လုံးများ စပ်ကာ ပိတ်လာပြီး မျက်နှာတစ်ပြင်လုံးယား၍စပ်လာခြင်း၊ နှုတ်ခမ်းများနှင့် သွားဖုံးများထုံကျင်လာခြင်း ဖြစ်လာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားရာ စိန်မြင့်မိုရ် လက်ဖက်ရည်ဆိုင်အနီးတွင် နယ်မြေမှူး ဦးစံလင်းနှင့်တွေ့၍ ဖြစ်စဉ်အားပြောပြနေစဉ် ဒေါ်အေးမြင့် ထပ်မံ ရောက်ရှိလာပြီး ၎င်းအား တိုင်ချင်ရာတိုင်ဟုဆိုကာ လက်ဖက်ရည်ဆိုင်မှ ထိုင်ခုံအားကိုင်၍ ရိုက်နှက်ခဲ့သည်ဆို၏။

နယ်မြေမှူး ဦးစံလင်းက ဝင်ဆွဲသဖြင့် မရိုက်မိသော်လည်း ဦးစံလင်း၏လက်သန်းအား သွားဖြင့်ကိုက်မိကာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်အေးမြင့်အား အရေးယူပေးရန် တိုင်တန်းချက် အရ တောင်ကြီးမြို့မ ရဲစခန်း(ပ)၈၆၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။

No comments:

Post a Comment