Thursday, May 9, 2019

ရန်ကုန်မြို့၌ မီးပွိုင့် ၁၅၁ ခုကို Control Center က စမ်းသပ်ခဲ့ပြီး မြို့နယ်အချို့တွင် လျှပ်စစ်မီး ပြတ်တောက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်မြို့၌ မီးပွိုင့် ၁၅၁ ခုကို Control Center မှ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး မြို့နယ်အချို့တွင် လျှပ်စစ်မီး ပြတ်တောက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့အတွင်း မောင်းနှင်သွားလာနေသည့် ယာဉ်မောင်းများထံမှ သိရသည်။ ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုအား မေ ၈ ရက် နံနက် ၇ နာရီမှ ၁၀ နာရီအထိနှင့် ညနေ ၃ နာရီမှ ၇ နာရီအထိ တစ်ပြိုင်နက်တည်း စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



“အရင်က အတိုင်းပါပဲ။ မီးပွိုင့်တွေပျက်တော့ မနည်းတိုးမောင်းရတယ်။ မီးပြတ်တော့ မီးပွိုင့်တွေကပျက်တယ်။ ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်း အဓိကပွိုင့်တွေက ဒီနေ့ နေ့ခင်းပိုင်းတွေမှာ ပျက်တယ်။ လမ်းတွေကတော့ အရင်တိုင်းပါပဲ” ဟု တက္ကစီယာဉ်မောင်း ကိုသိန်းထိုက်ဦးက ပြောကြားသည်။

မီးပွိုင့်စမ်းသပ်သည့်နေ့တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကုက္ကိုင်းတံတားအဆင်းနှင့် ဆရာစံလမ်းလမ်းဆုံရာ မီးပွိုင့်တွင် ယခင်နေ့များထက် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အဌားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“အရင်နေ့တွေထက်စာရင် ပိုပိတ်တယ်။ ခါတိုင်း သုံးမိနစ်လောက်စောင့်ရမယ်ဆိုရင် ဒီလိုနေ့မျိုးက ၁၀ မိနစ်လောက် စောင့်ရတယ်။ ပိုပိတ်သွားတာပေါ့။ အခါတိုင်းက ရဲတွေနဲ့ လည်ပတ်နေတော့ အဆင်ပြေတယ်။ ဒီဆရာစံလမ်းဆိုရင် အရင်က အဲဒီလောက်ကြီး မပိတ်ဘူး။ ဒီနေ့ သူတို့စမ်းသပ်တော့ အရမ်းဂျန့်ဖြစ်တယ်။ ဒီကမ္ဘာအေးဘုရားလမ်းမှာဆိုရင် ကုက္ကိုင်းခုံးတံတားအကျော်အထိ လုံးဝယာဉ်ကြောတွေ မလုပ်ဘူး။ ပိတ်နေတယ်။ ဒီရက်ပိုင်းတွေမှာ မီးကပြတ်နေတဲ့အခါကျတော့ မီးပွိုင့်တွေကပျက်တော့ သတိထားပြီး မောင်းရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ယာဉ်တွေ အနည်းအများအပေါ် မူတည်ပြီးတော့ နည်းတဲ့ဘက်ကို နည်းသလို လွှတ်ပေးပြီး များတဲ့ဘက်ကို များသလို လွှတ်ပေးစေချင်ပါတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မီးပွိုင့်များတွင် ယာဉ်ဖြတ်သန်းမှုအပေါ် မူတည်၍ မီးပွိုင့်စက္ကန့်အတိုးအလျှော့ ပြုလုပ်နိုင်ရန် စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်မှုကို တစ်နေ့ အပိုင်းခြောက်ပိုင်းခွဲပြီး စမ်းသပ်ခြင်းဖြစ်ကြောင်း သိရသည်။

“သိပ်တော့ ကွာခြားမှုတော့ မသိရဘူး။ ပုံမှန်က စမ်းသပ်တဲ့ ပွိုင့်လေးတွေ အချိန်ပိုင်းလေးစမ်းတာဆိုတော့ အချိန်တိုင်းဖြစ်တာ မဟုတ်ဘူး။ ယာဉ်ထိန်းတွေကတော့ ပွိုင့်တွေမှာ ရှိပြီးတော့ ဆောင်ရွက်နေပါတယ်။ စမ်းသပ်နေတုန်းပါ။ မနက်က တစ်ခါစမ်းသပ်တယ်။ ညနေတစ်ခါ စမ်းသပ်တယ်။ မီးပြတ်တဲ့အချိန်မှာ ပွိုင့်တွေမှာ ဘက်ထရီတွေရှိပြီးသားပါ။ ဘက်ထရီကုန်သွားတယ်ဆိုရင် မီးစက်နဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေက လုပ်ရ တယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးမျိုး အောင်မြင့်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုကို ခေတ်မီ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ Control Center မှ မေ ၈ ရက်နှင့် ၉ ရက်တွင် တစ်ပြိုင်တည်း စမ်းသပ်မှု ပြုလုပ်မည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အသိပေးကြေညာခဲ့သည်။

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ ခေတ်မီဗဟိုမီးပွိုင့် ထိန်းချုပ်ရေးစင်တာ Control Center မှ ဆောင်ရွက်ထားသည့် မီးပွိုင့်များကို နောက်ဆုံးအနေဖြင့် စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း YRTA အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

အဆိုပါ မီးပွိုင့်များ တစ်ပြိုင်နက်တည်း စမ်းသပ်လည်ပတ်မှုပြုလုပ်မည့် နေ့များနှင့် အချိန်များတွင် မီးပွိုင့်များအား ဖြတ်သန်းမောင်းနှင်ကြမည့် မော်တော်ယာဉ်များအနေဖြင့် ဂရုတစိုက်မောင်းနှင်ကြပါရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သောနှစ်နှစ်ကျော် ကာလအတွင်းက ကောက်ယူထားသည့် ယာဉ်အစီးရေအရ မီးပွိုင့်စနစ်ကို ချိန်ညှိထားခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးရေအရ မီးပွိုင့်များ၌ ဖြတ်သန်းမှုစာရင်း ယခင်နှင့်မတူညီသဖြင့် ပြောင်းလဲသင့်သည့် မီးပွိုင့်များတွင် ပြောင်းလဲနိုင်ရန် စမ်းသပ်ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment