Thursday, May 9, 2019

မန္တလေးတွင် အမေရိကန်နိုင်ငံသားတစ်ဦး ယာဉ်တိုက်မူဖြစ်ကာ သေဆုံး၊ တိုက်သည့်ကား မောင်းနှင်ထွက်ပြေး

မန္တလေးမြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ခုတွင် အင်္ဂလိပ်စာဆရာအဖြစ် လုပ်ကိုင်နေသည့် အမေရိကန်နိုင်ငံသားတစ်ဦး မေလ(၇)ရက် ညပိုင်းက ယာဉ်တိုက်မူဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ချမ်းအေးသာစံမြို့နယ် ၇၄လမ်းနှင့် ၂၇လမ်းထောင့်တွင် မေလ(၇)ရက် ည(၁၁)နာရီဝန်းကျင်က ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မူဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးသူ အမေရိကန်နိုင်ငံသား သေဆုံးခဲ့ခြင်းဖြစ်သည်။



၂၇လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ဆိုင်ကယ်နှင့် ၇၄လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာသည့် ကားတစ်စီး တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မူ ကျူးလွန်သည့် ကားသမားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သေဆုံးသူမှာ အမေရိကန်နိုင်ငံသား Mr. Cesar Honen ဆိုသူဖြစ်ပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင် နိုင်ငံတကာကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ဆိုသည်။ ၎င်းမှာ ယာဉ်တိုက်မူကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်တိုက်မူနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၄-ကဖြင့် အမှု့ဖွင့်ထားပြီး ယာဉ်မဆင်မခြင် မောင်းနှင်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းနှင့် ယာဉ်အား ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတွင် နေ့စဉ်ဖြစ်ပွားနေသည့် ယာဉ်တိုက်မူများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရမူများ ဖြစ်ပွားနေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မူကြောင့် (၂)ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျှက်ရှိသည်။

No comments:

Post a Comment