Thursday, May 9, 2019

ရန်ကုန် လေဆိပ်မှာ ပြေးလမ်းချော်ခဲ့တဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းက စုံစမ်းစစ်ဆေးမှု စတင်

မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မေ ၈ ရက်နေ့ က ၄င်းတို့ လေယာဉ်တစ်စင်း ပြေးလမ်းချော်မှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း Biman အာဏာပိုင်အဖွဲ့ က စတင်စုံစမ်း စစ်ဆေးနေပြီလို့  သိရပါတယ်။



Biman ရဲ့ပျံသန်းမှု ဘေးအန္တရာယ်ကင်းရေး အကြီးအကဲ ကပ္ပတိန် ရှာယာချော့ဒူရီ ဦးဆောင်တဲ့ အဖွဲ့ ဝင် ၆ ဦးပါ စစ်ဆေးရေးအဖွဲ့ က စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း လေကြောင်းလိုင်းရဲ့ လူထုဆက်ဆံရေးဌာန အထွေထွေမန်နေဂျာ ရှာကီလ် မာရပ်ဂ်ျ က ပြောဆိုခဲ့ပါတယ်။ ဒါကာမြို့တော်ကနေ ထွက်ခွာလာတဲ့ Biman ရဲ့  Bombardier Dash 8 Q400 အမျိုးအစားလေယာဉ်ဟာ ဗုဒ္ဓဟူးနေ့ က ရာသီဥတု ဆိုးရွားနေတဲ့ အခြေအနေမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်ခဲ့စဉ် ပြေးလမ်းချော်သွား ခဲ့တာဖြစ်ပါတယ်။ ယင်း မတော်တဆမှု ဖြစ်စဉ်ကြောင့် ခရီးသည် ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ချက်ချင်း ပို့ ဆောင်ပေးခဲ့ရပါတယ်။

ယခုအခါ လေယာဉ် ပျက်စီးခဲ့မှု အတိုင်းအတာကို စစ်ဆေးအကဲဖြတ်ဖို့ အတွက် အင်ဂျင်နီယာအဖွဲ့ တစ်ဖွဲ့  မြန်မာနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း ရှာကီလ်က ပြောဆိုခဲ့ပါတယ်။ မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၂၉ ဦး လေယာဉ်အမှုထမ်း ၄ ဦးနဲ့  အင်ဂျင်နီယာ ၂ ဦး လိုက်ပါခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့  ညနေ ၆ နာရီ ၂၂ မိနစ်က ပြေးလမ်းပေါ် ဆင်းသက်စဉ် လမ်းချော် သွားခဲ့တာဖြစ်ပါတယ်။ ယင်း မတော်တဆမှုဖြစ်စဉ်ကြောင့် ရန်ကုန်လေဆိပ်က လေယာဉ်ခရီးစဉ်တွေကို ၂ နာရီလောက် ခေတ္တပိတ်ခဲ့ရကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment