Thursday, May 9, 2019

နိုင်ငံသားစိစစ်ရေးကပ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်နှင့် Smart Card များအဖြစ် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့် နည်းပညာများ ထောက်ပံ့ရယူပြီး တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးပြောကြား

နိုင်ငံသားစိစစ်ရေးကပ်များကို Digitalစနစ်နှင့် Smart Card များအဖြစ် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့်နည်းပညာများ ထောက်ပံ့ရယူပြီး တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားသည်။



ယမန်နေ့ကကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်းက ”အမျိုးသား မှတ်ပုံတင် ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက်မှတ်တမ်း ဖိုင်တွဲများ အား လက်ရှိအသုံးပြုလျက်ရှိသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံးပြောင်း လဲပြုလုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းခဲ့ခြင်းကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံတကာ အဆင့်မီသည့် Smart Card ပြောင်းလဲထုတ်ပေးနိုင်ရေးကိစ္စ ကနဦးလေ့လာမှု အစီအစဉ်များကို ၂၀၁၆ ခုနှစ်၊ မေလမှစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ Digital စနစ်ဖြင့် နိုင်ငံသားမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လေ့လာခြင်း၊ ဆွေးနွေးခြင်းနှင့် Seminar များ ဆောင်ရွက်ခဲ့ပါကြောင်း၊ စုစုပေါင်း ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်း ၅၁ ခုမှ ၇၈ ကြိမ်ထိ ဆွေးနွေးပြီး Seminar လည်း လေးကြိမ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ Electronic စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ ကြာမြင့်သည့်အချိန်များ သိရန်စမ်းသပ် ဆောင်ရွက်ခြင်းများကိုလည်း ပြည်ထောင်စုနယ်မြေ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ဆောင်ရွက် ခဲ့ပါကြောင်း၊ စက္ကူကတ်ဆင်းမှ Smart Card အဖြစ် ပြောင်းလဲနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်ခဲ့သည့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် Biometric Data နှင့် Biographic Data များကို သိမ်းဆည်းပြီး လူတစ်ဦးချင်းစီကို Unit ID နံပါတ်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ Data Base တွင်လည်း မှတ်ပုံတင်ထိန်းသိမ်းခြင်းကို ပထမအဆင့်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းနှင့် Digital စနစ် ပြောင်းလဲပြီး Smart Card ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဒုတိယအနေဖြင့် ဆက်လက် ဆောင်ရွက်သွားရန် လျာထားပြီး စီမံချက်ရေးဆွဲထားပါကြောင်း၊ တခြားအဖွဲ့အစည်း များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ e-Government ဦးဆုံး ကော်မတီ၏ လမ်းညွှန်ချက်အရ e-Government စနစ်အကောင်အထည်ဖော် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် e-ID လုပ်ငန်းသည် အရေးကြီးပါကြောင်း၊ Digital ပြောင်းလဲရေးလုပ်ငန်းသည် အရေးကြီးသောကြောင့် ဦးစားပေးအဆင့်သတ် မှတ်ထားပါ ကြောင်း၊ ထို့ကြောင့် e-ID လုပ်ငန်း ကော်မတီကို မိမိ ဦးစီးသည့်အဖွဲ့ဝင် ၂၈ ဦးနှင့် ဝန်ကြီးဌာနအသီးသီးက ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ မိမိတို့တွင်ရှိသည့်ဖိုင်တွဲများ၊ အထောက် အထားစာရွက်စာတမ်း များကလည်း ယခင်ကကဲ့သို့ စက္ကူနည်းစနစ်ဖြင့် မှတ်တမ်းမှတ်ရာ များပေးရသည့်အတွက် ပျက်စီးခြင်းများ၊ ဆုံးရှုံးခြင်းများ၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားနေပါကြောင်း၊ မိမိတို့အနေဖြင့် စီမံချက်ရေးဆွဲချမှတ်ပြီး Digital စနစ်ပြောင်းလဲနိုင် ရန်အတွက် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊ စီမံချက်လည်းရေးဆွဲထားပြီးဖြစ် ပါကြောင်း၊ ထို့အတွက် နည်းပညာနှင့် ငွေကြေးလိုအပ်ခြင်းဖြစ်သည့်အတွက် ဝန်ကြီးဌာန အနေဖြင့် စီမံချက်ရေးဆွဲပြီး မိမိတို့၏ ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံပြီး မှတ်တမ်းမှတ်ရာများကိုလည်း Digital စနစ်သို့ ပြောင်းလဲသွားနိုင်ရေးအတွက် ဦးစားပေး လုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် ID Card များတွင် မှတ်ပုံတင်မရခြင်း၊ နိုင်ငံသား ဖြစ်ပြီး မှတ်ပုံတင်မရှိသည့်အတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဆုံးရှုံးနေခြင်း၊ မှတ်ပုံတင် နှစ်ကတ်၊ သုံးကတ်ဖြစ်နေသည့်အတွက် Reject လုပ်ခံနေရသည့်ပြည်သူ များ၏နစ်နာခြင်းများ အများကြီးရှိပါကြောင်း၊ ဝန်ကြီးဌာနအနြေဖင့် တစ်နေရာထဲ တစ်ခါ တည်း One Stop ဖြစ်ရန်အတွက် ညွှန်ကြားချက်များ လည်းရှိပါကြောင်း၊ သို့သော် လတ်တလောတွင် ထိုသို့ဖြစ်မနေပါကြောင်း၊ Digital စနစ်ကိုမသွားခင်စပ်ကြားတွင် ၎င်းကိစ္စများကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဖြေရှင်းပေးမည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းရာ မိမိဌာနအနေဖြင့် သက်ဆိုင်ရာအမျိုးသားမှတ်ပုံတင်ကတ်များ၊ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီရရှိနိုင်ရန် အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မိမိတို့ဝန်ထမ်းများ၏ မသင့် မလျော်ဆောင်ရွက်ချက်များ၊ နှောင့်နှေးကြန့်ကြာအောင်ဆောင်ရွက်ချက်များရှိရင်လည်း မိမိတို့က ဥပဒေနှင့်အညီ အရေးယူသွားရန် အဆင်သင့်ရှိနေပါကြောင်း၊ ဝန်ကြီးဌာနအ နေဖြင့်လည်း ပြည်သူများအတွက် ထိုကိစ္စများကို ဦးစား ပေးဆောင်ရွက်နေပါကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment