Thursday, May 9, 2019

ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်နေမှုကို ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုကြောင်းနှင့် လမ်းဖောက်လုပ်သည့်အဖွဲ့အား ထပ်မံအသိပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြား

Image may contain: one or more peopleဇွဲကပင်တောင် အရှေ့ဘက်မှ ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုကြောင်းနှင့် တောင်တက်ကားလမ်း ဖောက်လုပ်သည့်အဖွဲ့အား ထပ်မံ အသိပေးပြောကြားရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က သက်ဆိုင်ရာ ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့ အား မေ ၈ ရက်က ပြုလုပ်သည့် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။


ထို့ပြင် ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်မှုကို အကြောင်းပြုကာ ဇွဲကပင်တောင်မှ သစ်ပင်များကို ညခင်းအချိန် ခုတ်လှဲ သယ်ဆောင်နေမှုကိုလည်း သွားရောက်စစ်ဆေးပြီး ပြန်လည်တင်ပြရန် ဆက်လက် မှာကြားကြောင်း သိရသည်။

“တောင်တက်ကားလမ်း ဖောက်တာကို အကြောင်းပြပြီး ဇွဲကပင်တောင်ပေါ်က သစ်ကြီးဝါးကြီးတွေကို ခုတ်လှဲသယ်ဆောင်ယူနေတာ သဘာဝသယံဇာတကို အကြောင်းမဲ့ ဖျက်ဆီးနေတာ တွေ့ရတယ်။ ဒီလို လမ်းဖောက်ပြီး သစ်ပင်တွေကို ခုတ်လှဲ သယ်ဆောင်တာဟာ သဘာဝသစ်တောတွေ ပြုန်းတီးပြီး လူတစ်စု ကောင်းစားရေးကို ရှေးရှုတဲ့ အနေအထားမှာ ရှိတဲ့အတွက် တောင်တက်ကားလမ်း ဖောက်လုပ်မှုကို သဘောတူစရာ မရှိဘူး” ဟု ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

ဇွဲကပင်တောင်တက်ကားလမ်းကို အဖွဲ့အစည်းအမည်ခံ လူတစ်စုက ၂၀၁၈ ခုနှစ်အတွင်း စတင် ဖောက်လုပ်နေပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့က ယင်းလုပ်ရပ်အပေါ် တားမြစ်မှု အကြိမ်ကြိမ် ပြုလုပ်ထားသော်လည်း ဆက်လက် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

“ဇွဲကပင်တောင်ကြောက သစ်ကြီးဝါးကြီးတွေ ခုတ်လှဲပြီး ကားလမ်းဖောက်တယ် ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်ပြည်နယ်က သဘာဝ တောတောင်အလှကို ကိုယ် ကိုယ်တိုင် ဖျက်ဆီးသလိုမျိုး ဖြစ်နေတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ အဝေးကကြည့်ရင် စိမ်းစိုအုံ့ဆိုင်းနေတဲ့ ဇွဲကပင်တောင်ဟာ အခုဆိုရင် သစ်ပင်ဝါးပင် မရှိလို့ ကြည့်ရတာ ရုပ်ဆိုး အကျည်းတန်သလို ဖြစ်နေတာ တွေ့ရတယ်။ ကျွန်တော်တို့ မြို့ခံအများစုဆန္ဒက သဘာဝကို သဘာဝအတိုင်း ထားရှိစေချင်ပါတယ်” ဟု ဘားအံမြို့ခံ တစ်ဦးက သုံးသပ်ပြောကြားသည်။

ဇွဲကပင်တောင်သည် ထုံးကျောက်တောင် အမျိုးအစားဖြစ်ပြီး ဘားအံမြို့နှင့် ရှစ်မိုင်အကွာတွင် တည်ရှိကာ ပေပေါင်း ၂၇၀၀ ကျော် မြင့်မား ၍ ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပြီး လက်ရှိအချိန်တွင် ဇွဲကပင်တောင် အနောက်ဘက်၌ ဇွဲကပင်တောင် Cable Car စီမံကိန်းကို လုပ်ဆောင်လျက်ရှိပြီး ဇွဲကပင်တောင်ပေါ်တွင်လည်း တောင်နံရံကို ဖောက်၍ စေတီတော် အရှေ့ဘက်သို့ အလျားပေ ၁၀၀၊ အနံ အကျယ် ၁၅ ပေအထိ သံပေါင်များဖြင့် တိုးချဲ့ပြီး မှန်သားခင်း (View Point) အား တည်ဆောက်ထားရှိသဖြင့် ဇွဲကပင်တောင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဒေသခံများ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လျက်ရှိသည်။

No comments:

Post a Comment