Thursday, May 9, 2019

ဥပဒေသစ်များ ရှားရီယားဥပဒေများအပေါ် အခြေခံရမည်ဖြစ်ကြောင်း ဆူဒန်စစ်ကောင်စီထုတ်ပြန်

ဆူဒန်နိုင်ငံရှိ ဥပဒေသစ်များသည် ရှားရီယားအစ္စလာမ်ဥပဒေများအပေါ် အခြေခံရမည်ဖြစ်ကြောင်း ဆူဒန်ကိုလက်ရှိအုပ်ချုပ်နေသည့် စစ်ကောင်စီက မေ ၇ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ သမ္မတအိုမာ အယ်လ်-ဘာရှီးယား ဧပြီတွင် ဖြုတ်ချခံခဲ့ရပြီးနောက် တာဝန်ယူအုပ်ချုပ်မည့် ကြားဖြတ်အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုသည့်အချက်များကို အတိုက်အခံခေါင်းဆောင်များက တင်ပြခဲ့သည်။



သို့သော် စစ်တပ်အရာရှိ ၁၀ ဦးပါဝင်သည့် စစ်ကောင်စီက ဆန္ဒပြသူများသည် အစ္စလာမ်ဥပဒေနှင့်ပတ်သက်၍မူ နှုတ်ဆိတ်နေကြောင်း ပြောဆိုခဲ့သည်။

စစ်တပ်နှင့် အတိုက်အခံများကြား ဆွေးနွေးမှုသည် ရှေ့ဆက်မတိုးနိုင်ဘဲ တန့်နေဆဲဖြစ်သည်။နိုင်ငံရေးလှုပ်ရှားသူများနှင့် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများပါဝင်သည့် လွတ်လပ်မှုနှင့် ပြောင်းလဲရေးအင်အားစုကြေညာချက်အမည်ရှိ ညွန့်ပေါင်းအဖွဲ့က အဆိုပြုချက်များကို စစ်ကောင်စီသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပြုချက်များကို ယေဘုယျသဘောတူညီသော်လည်း တောင်းဆိုချက်များတွင် ဥပဒေများ၏အရင်းအမြစ်များကိုဖော်ပြခြင်းမရှိကြောင်း၊ အစ္စလာမ်ရှားရီယားဥပဒေနှင့် အစဉ်အလာသည်သာ ဥပဒေပြုရေး၏အရင်းအမြစ်ဖြစ်ရမည်ဖြစ်ကြောင်း အသွင်ကူးပြောင်းရေးစစ်ကောင်စီ( တီအမ်စီ)၏ပြောခွင့်ရှိသူ ဗိုလ်ချုပ် ရှမ်ဆက်ဒီနဲ ကက်ဘာရှီကပြောဆိုခဲ့သည်။

ရှားရီယားသည်သာ နိုင်ငံကိုလမ်းညွှန်သည့် စနစ်ဖြစ်စေရမည်ဖြစ်ကြောင်း ဆူဒန်၏ဖွဲ့စည်းပုံအခြေခံဥပဒေ၌ဖော်ပြထားသည်။

ဘာရှီးယားအုပ်ချုပ်စဉ်က ရှားရီယားဥပဒေကို အစိုးရ၏အလိုကျအသုံးချခဲ့သည်။ အမျိုးသမီးများကို ပစ်မှတ်ထားဖိနှိပ်ရန် ယင်းဥပဒေကို အသုံးပြုခဲ့ကြောင်း လှုပ်ရှားသူများကပြောဆိုခဲ့သည်။

အမျိုးသမီးထောင်ပေါင်းများစွာသည် မလျော်ကန်သည့် အပြုအမူများကြောင့် ကြိမ်ဒဏ်အပြစ်ပေးခံခဲ့ရကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများကပြောဆိုခဲ့သည်။

ရွေးကောက်ပွဲများကို ခြောက်လအတွင်းကျင်းပပေးသင့်မသင့်ကိုစဉ်းစားနေကြောင်း ဗိုလ်ချုပ် ကက်ဘာရှီကပြောဆိုခဲ့သည်။

စစ်တပ်၏တုံ့ပြန်မှုကိုစောင့်ကြည့်ပြီး ရပ်တည်ချက်ကိုထုတ်ဖော်မည်ဖြစ်ကြောင်း အတိုက်အခံအဖွဲ့တစ်ဖွဲ့၏ပြောခွင့်ရှိသူ အမ်ဂျတ် ဖာရစ်ကပြောဆိုခဲ့သည်။

အရပ်သားအများစုပါဝင်သော အသွင်ကူးပြောင်းရေးကောင်စီကို လက်မခံကြောင်း စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။ ခါတိုယမ်ရှိ စစ်ရုံးချုပ်ရှေ့၌ ဆန္ဒပြသူများစုဝေးပြီး အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကျင့်သုံးရန် တောင်းဆိုနေဆဲဖြစ်သည်။

No comments:

Post a Comment