Thursday, May 9, 2019

သူပုန် ခြေကုပ်ယူထားသည့် နောက်ဆုံးလက်ကျန်ဒေသကို ဆီးရီးယားစစ်တပ် ထိုးစစ်ဆင်

ဆီးရီးယားစစ်တပ်ဟာ သူပုန်တွေ ခြေကုပ်ယူထားတဲ့ နောက်ဆုံးလက်ကျန်ဒေသကို ထိုးစစ်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မေလ ၇ ရက်နေ့မှာ ပြောပါတယ်။ ဟားမားနဲ့ အီဒလစ်ဒေသမှာ ဆီးရီးယားအစိုးရ ရဟတ်ယာဉ်တွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တခု လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်ဒေသမှာ ပဋိပက္ခတွေ မြင့်တက်လာနေပြီး အဲဒီအခြေအနေဟာ ၂၀၁၈ စက်တင်ဘာလကတည်းက ဆီးရီးယားအစိုးရ ထိုးစစ်ဆင်မှု ရပ်ဆိုင်းထားတဲ့ ရုရှား-တူရကီ သဘောတူညီချက်ကို ပိုတင်းမာလာစေပါတယ်။



ဧပြီ ၃၀ ရက်နေ့ကတည်းက အီဒလစ်နဲ့ ဟားမားဒေသမှာ ဆီးရီးယားအစိုးရရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ယောက် အပါအဝင် အရပ်သား ၆၉ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေအတွင်း သူပုန် ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ ရုရှားအစိုးရ လာရောက်ပူးပေါင်းတဲ့ ၂၀၁၅ ကတည်းက ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတော်တော်များများကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အီဒလစ်ဒေသမှာ လူဦးရေ ၃ သန်းကျော် နေထိုင်နေကြတာကြောင့် တိုက်ပွဲ ပြင်းထန်လာရင် အဲဒီဒေသမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခု ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

No comments:

Post a Comment