Sunday, May 12, 2019

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်နေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ရသေ့တောင်မြို့နယ် CSO ပေါင်းစုံ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့မှ သိရသည်။ ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင် ၉၀၀ ကျော် ရှိနေပြီး ဘုန်းကြီး ကျောင်း ၅ ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်းတွင် စုပေါင်းနေ ထိုင်နေကြသည်ဟု သိရသည်။



ရသေ့တောင်မြို့နယ် CSOပေါင်းစုံ စစ်ဘေးရှောင်များကူညီရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ ဦးကျော်သာခင်က"၁၀ ရက်စာလောက်ပဲကျန်တယ် ဆန်က။ ရိက္ခာကတော့ မရှိတော့ဘူး။ နေ့စဉ်စားစာရိတ်ကိုပေးနေရတာက တစ်ပတ်စာလည်းမရှိတော့ဘူး။ မနက်ငါးကျွေးရင် ညနေ ဟင်း အဲလိုမျိုးဖြစ်နေတယ်။ နောက်ဆိုရင် ဒါလည်းဖြစ်လာမှာ မဟုတ်ဘူး။ ဟင်းပဲဖြစ်လာမှာပါ "ဟု မေလ ၁၀ ရက်နေ့က နိရဉ္စရာမှတွေ့ဆုံမေးမြန်း ချိန်တွင် ပြောသည်။

လူတစ်ဦးလျှင် တစ်နေ့သုံးရာကျပ်နှုန်းဖြင့် တစ်လစာဖို့ကို ပြည်နယ်အစိုးရက ကူညီထောက်ပံ့ ပေးထားကြောင်းလည်း ရသေ့တောင်မြို့နယ် CSOပေါင်းစုံ စစ်ဘေးရှောင်များကူညီရေး အဖွဲ့မှ ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက" ဒီဒုက္ခသည်တွေအတွက်လိုအပ်တဲ့ အထောက်အပံ့ရအောင် အားလုံး အတွက် လုပ်နေတာပဲ"ဟု မေလ ၁၀ ရက်နေ့ညက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ဂေဟာတွင် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုအား ပြန်လည်ဖြေကြားထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ICRCနှင့် WFPမှ အပ NGO, INGO အဖွဲ့များ၏လူသားချင်းစာနာမှုအကူအညီများ နှင့် ဖွံ့ဖြိုးရေး အစီအစဉ်များကို တားမြစ်ပိတ်ပင်ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားချက် အမိန့် ထုတ်ပြန်ထားပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေး အစီအ စဉ်များ သွားရောက်ကူညီပေးမည်ဆိုပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်းလည်း ညွှန်ကြားထားသည်။

"အဆင်မပြေဘူး။ နေရတာ။စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ကျောင်းသားတွေလည်းပါတော့ ကျောင်းသားတွေ ကျောင်းတက်ဖို့လည်း အဆင်မပြေဘူးဖြစ်နေပါတယ်။ ကလေးတွေလည်းအများကြီးပဲ
ဒီမှာ။သောက်ရေကအစ အဆင်မပြေဘူး။အိမ်ပြန်ချင်တာပေါ့။ဒါပေမယ့် ပြန်လိုမှ မရတာ "ဟု ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ စစ်ဘေးရှောင်လာသူတစ်ဦးဖြစ်သည့် မမေယုခိုင်က နိရဉ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရပ်ဖက် အဖွဲ့အစည်းများနှင့်NGO,INGO များ၏ လူသားချင်းစာနာမှုအကူအညီ များအား ခွင့်ပြုပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုအား ရခိုင်ပြည်နယ်လွှတ်တော်မှ မေလ ၉ ရက်နေ့က အတည်ပြုထားသည်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ စစ်ဘေးရှောင်လာသူ အသက် ၆၀ ကျော်အရွယ် အမည် မဖော်လိုသည့် ရွာသားတစ်ဦးက " စစ်တပ်ကနေပြီးတော့ လက်နက်ကြီးတွေပစ်တယ်။ရွာထဲကို စစ်သားတွေ ဝင်လာတယ်။ဒါကြောင့် မနေရဲလို့ပြေးလာတာ "ဟု မေလ ၁၀ ရက်နေ့က နိရဉ္စရာမှ တွေ့ဆုံမေးမြန်းချိန်တွင် ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့်ရက္ခိုင်တပ်တော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှာင်စခန်း ၉၄ ခုတွင် နေရပ်စွန့်ခွာလာသူ လူဦးရေ ၂၉၈၃၉ ဦးရှိကြောင်း အစိုးရအဖွဲ့မှ မေလ ၁၀ ရက်နေ့ညက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာတွင် မီဒီယာ များအား ဖြေကြားထားသည်။

No comments:

Post a Comment