Tuesday, May 14, 2019

စစ်တွေမှ စစ်ဘေးရှောင်များအား ပြန်ခိုင်းသော်လည်း မငြိမ်းချမ်းလျှင် မပြန်နိုင်ဟုဆို

စစ်တွေမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာ မြို့နယ် အသီးသီးသို့ ပြန်ရန် ရခိုင်ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူများမှ ဖိအားပေးမှုများရှိနေသော်လည်း ဒေသမငြိမ်းချမ်းလျှင် မပြန်နိုင်ဟု စစ်တွေမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များက ပြောကြားသည်။ စည်တောင်ရွာမှ စစ်တွေ အမျိုးသားကျောင်းတွင် တည်းခိုနေထိုင်နေသည့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ ရွာကနေ စစ်တွေကိုရောက်နေတဲ့လူတွေကို ပြန်လို့ရပြီလို့တော့ ပြောလာတယ်လို့ ပြောပါတယ်။
ကျမတို့ ပြန်လို့မဖြစ်နိုင်ပါ။ ကျမတို့မှာ အခက်အခဲတွေရှိနေပါတယ်။ စစ်တပ်တွေကလည်း ရွာမှာရှိတယ်။ ရွာပြန်ရင် ကျမတို့မှာကတော့ စားဝတ်နေရေးတွေ အခက်အခဲရှိနေပါတယ်။ အပြင် နေရာတွေကို ထွက်လို့ လုပ်ကိုင်စားသောက်လို့မရတော့ဘူး။ ကျမတို့က ကျပန်းလုပ်စားတာပါ။လယ်တွေ ယာတွေလည်း မရှိတော့ တစ်နေ့ရှာမှ တစ်နေ့ စားရတာမို့လို့ပါ။ အပြင်ကိုလည်း သွားလို့မရတော့ဘူး။ ရွာမှာနေလို့ရှိရင် အဆင်မပြေဘူး။ ရွာမှာ မနေဝံ့တော့လို့ပါ”ဟု ပြောကြားသည်။
အဆိုပါ အမျိုးသမီးအပါအ၀င် သူမတို့ မိသားစုသည် စည်တောင်ရွာတွင် စစ်တပ်က ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရွာကို စွန့်ခွာကာ ဘူးသီးတောင်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဘူးသီးတောင်မြို့မှ တစ်ဆင့် စစ်တွေ အမျိုးသားကျောင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ စစ်တွေမှာရောက်တာက ၇ ရက်လောက်ပဲရှိပါသေးတယ်။ ကျမတို့ အမျိုးသားကျောင်းကို စရောက် တုန်းကတော့ ၁၅ ယောက်လောက်ဘဲ ရှိပါတယ်။ အခုတော့ ၆၀လောက်ရှိမယ်ထင်တယ်။ စားဝတ် နေရေးကတော့ ကယ်ဆယ်ရေးတွေလာပြီးတော့ ကူညီနေပါတယ်။ စည်တောင်ကို ချက်ချင်း မပြန်တော့ဘူး။ နောက်နည်းနည်း တည်ငြိမ်အေးချမ်းသွားမှပြန်မယ်လို့ပါ။ကျမတို့က တအားကြောက်လို့ပါ” ဟု ပြောဆိုသည်။

အမျိုးသားကျောင်းတိုက်သော ရောက်ရှိနေသည့် စစ်ဘေးရှောင်များကို သက်ဆိုင်ရာဘူးသီးတောင်နှင့် ရသေ့တောင်မြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ ပြန်ရန် စစ်တွေခရိုင် ဒုဦးစီးမှူးက လာရောက် လျှောက်ထားခဲ့သည်ဟု အမျိုးသားကျောင်းတိုက် ဆရာတော် ဦးသုနန္ဒက နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

“ သူတို့ပြောတာကတော့ အရှင်ဘုရားတဲ့၊ ရသေ့တောင်မြို့နယ်ကလူကို ရသေ့တောင်ကို ပြန်လွှတ် ပေးပါဘုရား။ ဘူးသီးတောင်မြို့နယ်ကလူကို ဘူးသီးတောင်မြို့နယ်ပြန်လွှတ်ပေးပါဘုရားတဲ့။ အဲဒီမှာ တပည့်တော်တို့ ကယ်ဆယ်ရေးစခန်းတွေရှိပါတယ်တဲ့။ အဲဒီမှာပိုပြီးတော့ အဆင်ပြေပါမယ်လို့ သူတို့က ပြောတာဘဲ” ဟု ဆရာတော်က မိန့်ကြားသည်။

လက်ရှိ စစ်တွေအမျိုးသားကျောင်းတိုက်တွင် တည်းခိုနေသည့် စစ်ဘေးရှောင် မိသားစု ၁၁ စု၊ လူဦးရေ ၆၉ ဦးရှိကြောင်း သိရသည်။

“ သူတို့က ရသေ့တောင်မြို့နယ် ခရုချောင်း၊ ရကောင်းချောင်း၊ အောင်သာစည်၊ သောင်းဒြား၊ အမျက်တောင်၊ ဇေယျာမြိုင်၊ ဘူးသီးတောင်မြို့နယ် စည်တောင်၊ သိုင်းတပုတ်၊ သပြေဆိပ် စတဲ့ ရွာတွေက ဖြစ်တယ်။ သူတို့လာရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာနဲ့ ရွာမှာရှိတဲ့လူတွေကို ပစ်ခတ်တာတွေရှိတယ်။ သူတို့ မျက်စိမှာ မြင်ရတယ်။ ကြားရတယ်။ သူတို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတယ်။ သူတို့ ကိုယ်တိုင် ညီတွေ/ မောင်တွေ ပါသွားတဲ့ လူတွေရှိတယ်။ အကိုတွေပါသွားတဲ့လူတွေရှိတယ်။ ဆိုတော့ ဒီလိုဆူပူမှုဖြစ်တဲ့အတွက်ကြောင့် နေရထိုင်ရတဲ့ ဘဝ မလုံခြုံတဲ့အတွက်တာမို့ သူတို့ ထွက်ပြေးလာတာလို့ပြောပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

အမျိုးသားကျောင်းတိုက်ဆရာတော်မှ လာရောက်တည်းခိုနေကြသည့် စစ်ပြေးရှောင်များအနေဖြင့် သူတို့ သဘောဖြင့်သူတို့ ပြန်လိုလျှင် ပြန်နိုင်ပြီး ဆက်လက်တည်းခိုနေထိုင်မည်ဆိုလျှင်လည်း နေထိုင်နိုင်ကြောင်း၊ စိတ်ဒဏ်ရာ ခံစားနေရသည့် စစ်ဘေးရှောင်များ၏ သဘောထားအပေါ် မူတည်ပြီးသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

လက်ရှိ စစ်တွေမြို့ပေါ်ရှိ အမျိုးသားကျောင်းတိုက်၊ ကယုချောင်းကျောင်းတိုက်နှင့် ၀ဏ္ဍချေ ကျောင်းတိုက်တို့တွင် စစ်ဘေးရှောင် ၁၀၀ ကျော်ရောက်ရှိ ခိုလှုံနေကြောင်း သိရှိရသည်။

No comments:

Post a Comment