Saturday, June 15, 2019

ချမ်းအေးသာစံမြို့နယ် အမှတ်(၃) နယ်မြေရဲစခန်းမှူးဟောင်းနှင့် ဒုရဲအုပ်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

 မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃) နယ်မြေရဲစခန်းမှူးဟောင်းနှင့် ဒုရဲအုပ်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့(ဇွန် ၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် တစ်သိန်းခွဲ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် (၂၅)သိန်းကို တောင်းယူခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှူးနှင့် အမှုစစ်တို့အား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားလာမှုကို စစ်ဆေးရာမှ ယခုအရေးယူမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။



လာရှိုး လ.ဝ.က ဝန်ထမ်း ၇ ဦးနှင့် ပွဲစား ၁ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးသည် (ပ)၅၁၀/၂၀၁၈ အမှုနှင့်ပတ်သက်၍ တရားခံ ထံမှ ရဲစခန်း အာမခံ ကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် ငါးသောင်းစီပါ စာအိတ် (၃)အိတ်ကို တောင်းခံရယူခဲ့ခြင်းနှင့် စခန်းမှူး ရဲအုပ်ကျော်သူသည် (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနှင့်ပတ်သက်၍ အာမခံပေးရန်အတွက် တရားခံ၏ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ်(၂၅)သိန်းကို လက်ခံရယူခဲ့သည့်အပြင် အဆိုပါ အမှုပိတ်သိမ်းနိုင်ရေးအတွက် ငွေကျပ် သိန်း(၁၀ဝ) တောင်းခံ ရယူရန် အားထုတ်ခဲ့ခြင်း တို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ် ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းတွင် ယနေ့ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment