Monday, May 27, 2019

အိန္ဒိယဝန်ကြီးချုပ် မိုဒီအတွက် စိန်ခေါ်မှုကြီးများ

ဟိန္ဒူအမျိုးသားရေးဝါဒီပါတီ ဘီဂျေပီနှင့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီတို့သည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် မိုဒီအစိုးရအတွက် လာမည့်ငါးနှစ် သက်တမ်းအတွင်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို အေအက်ဖ်ပီက လေ့လာသုံးသပ်ပြခဲ့သည်။
အလုပ်အကိုင်
အလုပ်အကိုင် ဈေးကွက်သို့ လစဉ်ဝင်ရောက်နေသော အိန္ဒိယ တစ်သန်းကျော်အတွက် အလုပ်အကိုင် ဖန်တီးရန် မိုဒီသည် ပထမသက်တမ်းတွင် ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ မကြာသေးမီက ပေါက်ကြားခဲ့သော အစိုးရ အစီရင်ခံစာတွင် အလုပ်လက်မဲ့နှုန်းသည် ၂၀၁၇-၂၀၁၈ ၌ ၆.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၄၅ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင်နေခဲ့သည်။

အစိုးရ အလုပ်အကိုင်များအတွက် လျှောက်ထားသူ အများအပြား ပုံနေခဲ့ပြီး အလုပ်အကိုင် ခိုင်မာမှု အလားအလာကြောင့် အရည်ချင်း သတ်မှတ်ချက် ကျော်လွန်သူ အမြောက်အမြားပင် အစိုးရအလုပ်အတွက် လျှောက်ထားခဲ့ကြသည်။ ယမန်နှစ်က အိန္ဒိယရထားလုပ်ငန်းတွင် အလုပ်အကိုင်နေရာ ၆၃၀ဝ၀ အတွက် လျှောက်ထားသူ ၁၉ သန်း ရှိခဲ့သည်။

ကျွမ်းကျင်မှုအတွက် လုံလောက်သော ရင်းနှီးမြှုပ်နှံမှု မရှိခြင်းနှင့် အလုပ်သမား ဥပဒေများ တင်းကျပ်မှုကြောင့် လယ်ယာကဏ္ဍဍ မဟုတ်သော နယ်ပယ်များတွင် တိုးတက်မှု နှောင့်နှေးနေကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) က ဆိုသည်။

လယ်သမားများ

အလုပ်အကိုင် ရှာဖွေနေသူ အများစုသည် အကျပ်အတည်း ဆိုက်နေသော အိန္ဒိယစိုက်ပျိုးရေး ကဏ္ဍဍမှ ရုန်းထွက်ရန် ကြိုးပမ်းနေကြသူများ ဖြစ်သည်။ စိုက်ပျိုးရေးသည် အိန္ဒိယတွင် အသက်မွေးမှုအတွက် အရေးအကြီးဆုံးသော ရင်းမြစ်ဖြစ်သည်။ ကျေးလက်အိမ်ထောင်စု ရာခိုင်နှုန်း ၇၀ သည် စိုက်ပျိုးရေးကို မှီခိုနေရသည်။

မြေအောက်ရေ ကျဆင်းလာပြီး မုတ်သုံမိုးက ခန့်မှန်း၍မရ ဖြစ်လာသောကြောင့် လယ်သမားများသည် သီးနှံစိုက်ပျိုးရန်အတွက် ရေရရှိရေး ပို၍ခက်ခဲလာသည်။ ထို့ကြောင့် ရေအရင်းအမြစ်များသည် လက်နက်ကိုင် စောင့်ကြပ်မှုများ၊ ညမဖြတ်သန်းရ အမိန့်များ အပါအဝင် လွန်ကျူးသော ဆောင်ရွက်ချက်များ ရှိလာခဲ့သည်။

မြေအောက်ရေ အများအပြားမှာလည်း ညစ်ညမ်းလာနေခဲ့သည်။ လယ်သမားများသည် လယ်ယာထွက်ကုန် ဈေးနှုန်းနိမ့်ကျမှုကို ရင်ဆိုင်နေရကြောင်း၊ အခြေခံအဆောက်အအုံ မလုံလောက်မှုကြောင့် အသီးအနှံ ရာခိုင်နှုန်း ၄၀ သည် စားသုံးသူလက်သို့ မရောက်မီ ပုပ်သိုးခဲ့ကြကြောင်း ကုလသမဂ္ဂက ဆိုထားသည်။

ညစ်ညမ်းမှု

အိန္ဒိယ၏ အခြားသော မြစ်များကဲ့သို့ပင် ညစ်ညမ်းနေသည့် ဂင်္ဂ࿿ါမြစ်ကို သန့်ရှင်းရန် ဒေါ်လာဘီလျံများစွာ ရင်းနှီးမြှုပ်နှံမည်ဟု မိုဒီက ကတိပြုထားသည်။ သို့သော်လည်း မိလ္လာအညစ်အကြေးနှင့် စက်မှုလုပ်ငန်း အညစ်အကြေးတို့ ထူပြောနေသည့် အိန္ဒိယမြစ်များ သန့်ရှင်းရေးအတွက် ရလဒ်များက အဆိုးအကောင်း ရောထွေးနေခဲ့သည်။

အိန္ဒိယ၏ လေထုသည်လည်း ကျန်းမာရေးအန္တရာယ် ဖြစ်နေပြီး ကမ္ဘာ၏ အညစ်ညမ်းဆုံးမြို့ ၃၀ တွင် ၂၂ မြို့က အိန္ဒိယတွင် ရှိနေကြောင်း ဂရင်းပိစ်က ဆိုထားသည်။ စက်မှုလုပ်ငန်း ညစ်ညမ်းမှု၊ ကားများကြောင့် လေထုညစ်ညမ်းမှု၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် ရှင်းလင်းမှုမှ မီးခိုးများကြောင့် ညစ်ညမ်းမှုတို့က အိန္ဒိယလေထု ညစ်ညမ်းမှုကို ဆိုးရွားစေခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အိန္ဒိယတွင် အချိန်မတိုင်မီ သေဆုံးခဲ့သော လူ ၁.၂၄ သန်းအတွက် အဆိပ်သင့် လေထုညစ်ညမ်းမှုက တရားခံဖြစ်ကြောင်း Lancet Planetary Health က ပြီးခဲ့သည့် နှစ်တွင်ထုတ်ပြန်ခဲ့သော လေ့လာမှုက ဆိုခဲ့သည်။

လေထုညစ်ညမ်းမှုသည် လူသန်းပေါင်းများစွာကို ကျန်းမာရေး အန္တရာယ် ဖြစ်စေကြောင်း ယင်းလေ့လာမှုက ဆိုသည်။ နှစ်စဉ်နှစ်တိုင်း ဒေလီမြို့တွင် ဆောင်းရာသီ၌ မီးခိုးမြူများ၏ လေထုညစ်ညမ်းမှုသည် ဘေးကင်းမှု သတ်မှတ်ချက်ထက် အဆ ၃၀ ကျော် များပြားနေခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ အာရုံစိုက်မှု အနည်းငယ်သာ ရှိခဲ့သည်။

ဟိန္ဒိုသဘောထား တင်းမာသူများ

အားလုံးအကျူံးဝင်သော အိန္ဒိယကို တည်ဆောက်မည်ဟု မိုဒီက ကြွေးကြော်ခဲ့သော်လည်း မိုဒီ၏ ပါတီသည် အိန္ဒိယ၏ လူနည်းစုများကို အထူးသဖြင့် အိန္ဒိယ မွတ်စလင် သန်း ၁၇၀ ခန့်ကို ဖိနှိပ်နေကြောင်း ဝေဖန်သူများက စွပ်စွဲထားသည်။ မိုဒီ၏ လက်ထက်တွင် မွတ်စလင်များနှင့် ဇာတ်နိမ့်တို့ကို လူအုပ်စုဖြင့် တရားလက်လွန် စီရင်မှုမြင့် တက်ခဲ့သည်။

အိန္ဒိယ၏ အစ္စလာမ္မစ် မဂိုခေတ် အတိတ်သမိုင်းရှိသော မြို့အများအပြားကို မိုဒီ၏လက်ထက်တွင် အမည်ပြောင်းလဲခဲ့သည်။ ဟိန္ဒိုလက်ယာစွန်း သဘောတရား၊ ယဉ်ကျေးမှုနှင့် သမိုင်းတို့ကို ထင်ဟပ်ရန်အတွက် ကျောင်းသုံးသင်ရိုး များကိုလည်း ပြောင်းလဲခဲ့သည်။

နိုင်ငံခြားရေး မူဝါဒ

မိုဒီသည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။ ၁၉၄၇ ခုနှစ် ကတည်းက အိန္ဒိယနှင့်အတူ ဗြိတိသျှမှ ခွဲထွက်လွတ်လပ်ရေးရခဲ့သော ပါကစ္စတန်ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒသည် မိုဒီအတွက် စိန်ခေါ်မှုဖြစ်သည်။ ဖေဖော်ဝါရီလတွင် အသေခံဗုံးခွဲသမား တစ်ဦးက အိန္ဒိယ၏ ကက်ရှ်မီးယား အခြမ်းတွင် အထူးရဲ ၄၀ ကို သတ်ခဲ့ပြီးနောက် နျူကလီး လက်နက်ပိုင်ဆိုင်သော နှစ်နိုင်ငံအကြား လေကြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တောင်အာရှတွင် ငြိမ်းချမ်း ရေး၊ တိုးတက်ရေးနှင့် သာယာဝပြေရေးတို့အတွက် မိုဒီနှင့်အတူ ဆောင် ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက မေ ၂၃ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။ ထို့ပြင် အိန္ဒိယသည် တရုတ်၏ သြဇာမြင့်တက်မှုကိုလည်း ရင်ဆိုင်နေရသည်။ အထူးသဖြင့် ပေကျင်း၏ ပတ်လမ်းနှင့် ရပ်ဝန်း စီမံကိန်းက အိန္ဒိယအတွက် စိန်ခေါ်မှုဖြစ်နေသည်။ ထိုစီမံကိန်းများထဲမှ တစ်ခုသည် အိန္ဒိယက ပိုင်ဆိုင်သည်ဟု ပြောကြားထားသော ပါကစ္စတန် အုပ်ချုပ်နေသည့် ကက်ရှ်မီးယားကို ဖြတ်သန်းထားသည်။ ထို့ပြင် အိန္ဒိယသည် အမေရိကန်နှင့် ရုရှားတို့ အကြားတွင်လည်း ကြိုးတန်းလမ်းလျှောက် နေရသည်။

ရုရှားသည် အိန္ဒိယအတွက် အဓိက လက်နက်တင်သွင်းသူ ဖြစ်နေပြီး ရုရှား၏ S-400 ဒုံးစနစ်ကို ဝယ်ယူရန် မိုဒီက သဘောတူထားသည်။ ရုရှားလက်နက်များ ဝယ်ယူသည့် နိုင်ငံများအား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်၏ ခြိမ်းခြောက်မှုကို မိုဒီက အာခံပြီး ပြီးခဲ့သည့် အောက်တိုဘာတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment