Monday, May 27, 2019

ကိုယ်ချင်းစာတရား ရှိကြရန် အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို နိုင်ငံတော်သမ္မတ သတိပေး

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော အုပ်ချုပ်ရေးပုံစံမျိုးမရောက်သေးသည့်အပြင် တရားမျှတမှုမရှိခြင်းကို တွန်းလှန်ကြိုးစားခဲ့ကြသူများကိုယ်တိုင်ကလည်း ကိုယ်ချင်းစာတရားများထားကြရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။



မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစနစ်နှင့် တရားစီရင်ရေးစနစ်များတွင် ဥပဒေကို လိုသလိုသုံးနေခြင်းများ မရှိသင့်ကြောင်းနှင့် ယင်းအချက်များကို လုံးဝမကြိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်ကောင်စီရုံးတွင်ကျင်းပသည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့်တွေ့ ဆုံပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ " ကျေးရွာသူ ကျေးရွာသားကျတော့ ဥပဒေကတစ်မျိုး၊ မြို့ သူမြို့ သားကျတော့ ဥပဒေကတစ်မျိုး၊ မင်းစိုးရာဇာကျတော့ ဥပဒေက တစ်မျိုး။ ကျွန်တော် အဲဒါမျိုးတွေ မကြိုက်ပါဘူး " ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။ ဥပဒေ၏အထက်တွင် မည်သူမှ မရှိရဆိုသည့်အတိုင်း မည်သူကမှ ဥပဒေကို ကျော်လွန်လုပ်ဆောင်ခြင်းများအပေါ် လက်ခံမည်မဟုတ်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပုံဖော်ကြိုးစားခဲ့သော နိုင်ငံရေးအရ တရားမျှတမှု၊ လူမှုရေးအရ တရားမျှတမှုနှင့် စီးပွားရေး၊ အုပ်ချုပ်ရေးအရ တရားမျှတမှုတို့ ရှိရန် လိုအပ်လာနေပြီဖြစ်ကြောင်းလည်း ဆိုသည်။ " တစ်ချို့ ပုဂ္ဂိုလ်တွေမှာ မြင်တွေ့ ကြားသိနေရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကျွန်တော်ပြောချင်တယ်။ တစ်ချိန်က အဲဒီအပြုအမှု(တရားမျှတမှုမရှိခြင်း၊ ဖိနှိပ်ခြင်း)တွေကို မကြိုက်လို့ ကိုယ်ဒီအလုပ်ကို လုပ်ခဲ့၊ ဒီတာဝန်ကိုယူခဲ့ပြီးမှ ကိုယ်ဒီနေရာရောက်မှ ကိုယ်သည် ဒီလိုလုပ်မှာလား။ ကိုယ်ချင်းစာတရား ထားရမှာဖြစ်တယ်။ သူများကို လုပ်ချင်ရာလုပ်ပြီး ကိုယ့်ကျတော့ သည်းမခံဘူးဆိုရင် အဲဒါ ကိုယ်ချင်းစာတရား မရှိတာပဲ " ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတဖြစ်စေ၊ ၀န်ကြီးဖြစ်စေ၊ နေပြည်တော်ကောင်စီဝင်ဖြစ်စေ၊ လွှတ်တော်အမတ်ဖြစ်စေ မည်သူမဆို ဥပဒေ၏ရှေ့ မှောက်တွင် တစ်သားတည်းသာ ခံစားရမည်ဖြစ်ပြီး မည်သူမှ ဥပဒေအထက်တွင် နေခွင့်မရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ထပ်လောင်းသတိပေးပြောကြားသည်။

No comments:

Post a Comment