Monday, May 27, 2019

နီပေါတွင် ပေါက်ကွဲမှု ၃ ခုကြောင့် လူ ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှာ မေ ၂၆ ရက်က ပေါက်ကွဲမှု သုံးခုကြောင့် လူလေးယောက် သေပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ မော်ဝါဒီသူပုန်တွေလက်ချက် ဖြစ်မယ်လို့ သံသယရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့လယ်ခေါင်က ဂတ်တီခူလို ရပ်ကွက်အတွင်း အိမ်တလုံးထဲက ပေါက်ကွဲမှုကြောင့် လူတယောက် သေဆုံးပါတယ်။ နောက်ပေါက်ကွဲမှု တခုကတော့ မြို့စွန်က ဆူခေဒါရာရပ်ကွက် ဆံပင်အလှပြင်ဆိုင်နားမှာ ဖြစ်ခဲ့ပြီး လူသုံးယောက် သေပါတယ်။



တတိယပေါက်ကွဲမှုက သန်ခေါ့တ်ရပ်ကွက်ထဲက အုတ်ဖုတ်တဲ့ နေရာနားမှာ ပေါက်ကွဲကာ လူနှစ်ယောက် ဒဏ်ရာရတယ်လို့ ရဲက ပြောဆိုခဲ့ပြီး ဒဏ်ရာရသူ ၇ ယောက်စလုံးကို ဆေးရုံတင်ပို့ထားပါတယ်။

ဒုတိယပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ စစ်တပ်က ပိတ်ဆို့ထားတယ်၊ ပေါက်ကွဲမှုကြောင့် တံခါးတွေ၊ ပြတင်းပေါက်တွေ ပြုတ်ထွက်ကုန်တယ်လို့ အဲဒီနေရာမှာရှိနေတဲ့ ရိုက်တာသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

နီပေါနိုင်ငံမှာ ၂၀၀၆ ခုနှစ်က စပြီး မော်ဝါဒီသူပုန်တွေနဲ့ ဆယ်စုနှစ်ချီ ပြည်တွင်းစစ် ဖြစ်နေတာပါ။

အရင် သူပုန်တပ်ဖွဲ့တွေရဲ့ အဓိကအုပ်စုကတော့ အစိုးရအဖွဲ့ ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီနဲ့ အခု ပူးပေါင်းပြီးပါပြီ။

မော်ဝါဒီသူပုန်အုပ်စုခွဲကတော့ ခတ္တမန္ဒူမြို့မှာ ဖေဖော်ဝါရီလက အလားတူ ဖောက်ခွဲခဲ့ပါသေးတယ်။ တနင်္ဂနွေ ပေါက်ကွဲမှုတွေအတွက် ဘယ်သူကမှ တာဝန်ခံ ကြေညာတာ မရှိသေးပါဘူး။

No comments:

Post a Comment