Monday, May 27, 2019

ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဝန်းကျင်ကျဆင်း

တရုတ်နိုင်ငံမှ တရားဝင်စနစ်ဖြင့်ဆန်တင်ပို့ခြင်းကိုလက်ခံတော့မည်ဟုကြေညာပြီးနောက် လက်ရှိတွင် ဆန်တစ်အိတ်လျှင် ဈေးနှုန်းကျပ် ၂၀၀၀ ဝန်းကျင်ကျဆင်းသွားကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။ သင်္ကြန်မတိုင်မီဧပြီလပထမအပတ်တွင် ၂၅ ရာခိုင်နှုန်းအမျိုးအစားတစ်တင်းခွဲပါ ဆန်တစ်အိတ်လျှင် ဈေးနှုန်းကျပ် ၁၉၀၀၀ မှ ၁၉၅၀၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိမေလနောက်ဆုံးအပတ်တွင် ဆန်တစ်အိတ်လျှင် ဈေးနှုန်းကျပ် ၁၇၀၀၀ ဝန်းကျင်သာရှိကြောင်းသိရသည်။



“သင်္ကြန်မတိုင်ခင်ကကျပ် ၁၉၀၀၀ တစ်ပတ်လည်လောက်ရောင်းခဲ့ရတယ်။ သင်္ကြန်ပြီး အခုလက်ရှိ ပေါက်ဈေးက ကျပ် ၁၇၀၀၀ ပတ်ချာလည်ပဲရှိတယ်။ တစ်အိတ်ကို ၂၀၀၀ လောက်ကွာသွားတယ်။ သင်္ကြန်မတိုင်ခင်နဲ့ အခုလက်ရှိကို နွေဆန်တစ်အိတ်ကိုကျပ် ၂၀၀၀ လောက်ကွာသွားတယ်။ ဈေးကျသွားတာ” ဟုဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ အထွေထွေအတွင်းရေးမှူးဦးသန်းဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံသည် တရားဝင်စနစ်ဖြင့်ဆန်တင်ပို့ခြင်းသာလက်ခံမည်ဟုစာထုတ်ပြန်ပြီးနောက် ၂၀၁၈ ခုနှစ် မိုးစပါးကာလမှစတင်ကာ မူဆယ်နယ်စပ်လမ်းကြောင်းမှဆန်တင်ပို့မှုခက်ခဲလာကာ လက်ရှိတွင် ဆန်ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ်ကိုပို့ဖို့ အရင်မိုးစပါးတုန်းကဝယ်ထားတဲ့ဆန်တွေတောင် မူဆယ်မှာပိတ်မိနေတယ်။ အိတ်ပေါင်း ၈၀,၀၀၀၊ ၁၀၀,၀၀၀ လောက်ရှိတယ်။ အခုပင်လယ်လမ်းကြောင်းပဲထွက်ပေါက်ရှိတယ်။ သူတို့ပဲဝယ်တော့ ယှဉ်ပြိုင်မယ့်သူမရှိဘူး။ ဆန်ဈေးကကျနေတယ်”ဟု ဦးသန်းဦးကဆက်ပြောသည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်၊ အနောက်ဘက်နှင့် ဧရာဝတီတိုင်းဒေသကြီးစသည့်ဒေသများတွင် မတ်လမှ စတင်၍နွေစပါးလှိုင်လှိုင်ပေါ်ခဲ့သော်လည်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုခက်ခဲနေသဖြင့် ယင်းဒေသများမှ ဆန်များအားလုံး ဘုရင့်နောင်ကုန်စည်ဒိုင်သို့နေ့စဉ်ဝင်ရောက်နေကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဒေသအသီးသီးမှ နေ့စဉ်ဆန်အိတ်ပေါင်း ၅၀၀၀၀ မှ ၁၀၀,၀၀၀ နီးပါး ဝင်ရောက်နေကြောင်း သိရသည်။

No comments:

Post a Comment