Monday, May 27, 2019

ဧည့်လမ်းညွှန်လိုင်စင်နံပါတ်များ ယခင်အတိုင်း ဆက်လက်ထားရှိရန် သဘောတူညီ

 ဧည့်လမ်းညွှန်များ၏ လိုင်စင်နံပါတ်ကို ယခင်အတိုင်းမပြောင်းလဲဘဲ ဆက်လက်ထားရှိ ရန်နှင့် ဧည့်လမ်းညွှန်လုပ်ငန်း (G) လိုင်စင်တွင် Licensed TourGuide အစား National Licensed Tour Guide ဟူ၍ပြင်ဆင်ဖြည့်စွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းတို့ မေလ ၂၄ ရက်တွင် သဘောတူညီခဲ့သည်။ အသစ်ပြဋ္ဌာန်းခဲ့သည့် ခရီးသွားလုပ်ငန်း ဥပဒေအရ ဧည့်လမ်းညွှန်လိုင်စင်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနအစား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ပြောင်းလဲထုတ်ပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမှတ်အသားများ ပါဝင်ခြင်းနှင့် လိုင်စင်နံပါတ်များ ပြောင်းလဲခြင်းကို  ဧည့်လမ်းညွှန်များက မေလ ၁၈ ရက် တွင် ကန့်ကွက်ခဲ့သည်။

ဧည့်လမ်းညွှန်များသည် ၎င်းတို့၏လုပ်သက်ကို ကိုယ်စားပြုသည့် လိုင်စင်နံပါတ်များ မပြောင်းလဲလိုကြောင်း၊ ပြောင်းလဲပါက ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင် (G) နှင့် ဒေသဆိုင်ရာဧည့်

လမ်းညွှန်လိုင်စင် (RG) တို့ရောထွေးမည်ကို မလိုလားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဗဟိုအလုပ်မှုဆောင် ဦးသန်းနိုင်က ပြောသည်။

‘‘အဓိကက နံပါတ်ဟောင်း တွေ မပြောင်းဘူး။ တရားဝင်ထုတ်ပြန်တာ။ သေချာသွားပြီ။ ထုတ်ပေးတာကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးပေါ့။ နံပါတ်တွေကတော့ ဒီတိုင်းပဲ။ အခွန်ဆောင်။ လိပ်စာပေါ် မူတည်တာပေါ့။ နယ်လိပ်စာဆို နယ်မှာ အခွန်ဆောင်ရလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်နံပါတ်မပြောင်းဘူး။ ကျွန်တော်တို့စိုးရိမ် သလို ဘေးဘယ်ညာမှာ ကုတ်တွေ ဘာတွေထည့်တာ (တိုင်းဒေသ ကြီး၊ ပြည်နယ်ကိုယ်စားပြုကုတ်) မရှိဘူး။ နံပါတ်တွေမပြောင်းတဲ့ အတွက် စာမတင်တော့ဘူး’’ဟု ဦးသန်းနိုင်က ပြောသည်။

ဧည့်လမ်းညွှန်လုပ်ငန်း (G)လိုင်စင်ရရှိရန် သင်တန်းတက် ရာတွင် Tourism and HospitalityTraining Centre တစ်ခုတည်းကသာ သင်ကြားပို့ချမည်ဖြစ် သော်လည်း လိုင်စင်များထုတ်ယူရာတွင် ခရီးသွားဥပဒေအရ ဧည့်လမ်းညွှန် အမြဲတမ်းနေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ပြန်လည်ထုတ်ယူရမည် ဖြစ်သည်။

အလားတူ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လိုင်စင်အတွက် သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် ဖွင့်လှစ်နိုင်ပြီး လိုင်စင်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီက ထုတ်ပေးရမည် ဖြစ်သည်။ခရီးသွားဥပဒေအရ ဧည့်လမ်းညွှန်များ၏ လိုင်စင်သက်တမ်း သည် သုံးနှစ်ဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေး ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်းတို့ဆွေးနွေးရာတွင် ဧည့်လမ်းညွှန်များအနေဖြင့် လုပ်ငန်းတာဝန်ချိန် တွင် လိုင်စင်များကို မြင်သာစွာချိတ်ဆွဲရန်နှင့် စစ်ဆေးမေးမြန်းမှုများကို ကြည်ဖြူစွာပူးပေါင်းပါဝင် ရန် အစရှိသည့်အချက်များပါဝင် သည်။

No comments:

Post a Comment