Monday, May 27, 2019

ကြားကားစနစ်ပပျောက်ရန် ပုဂ္ဂလိကပိုင်ယာဉ်များကို ည ၁၀ နာရီအထိ ပြေးဆွဲရန်စီစဉ်နေဟု ဆို

ရန်ကုန်မြို့တွင်း ညပိုင်းခွင့်ပြုချက်မဲ့ပြေးဆွဲနေသည့် ကြားကားစနစ်ပပျောက်ရန် ပုဂ္ဂလိကကုမ္ပဏီများမှ ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ည ၁၀ နာရီအထိပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ အစိုးရမှရှယ်ယာထည့်ဝင်ထားသည့်ယာဉ်လိုင်းများအပါအဝင် Omni Focus ကုမ္ပဏီလီမိတက်၊ လူထုမိတ်ဆွေ ယာဉ်လိုင်း၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ ည ၁၀ နာရီအထိ ပြေးဆွဲပေးသော်လည်း ကျန်ယာဉ်လိုင်းများမှာ ၉ နာရီအထိသာ ပြေးဆွဲနေခြင်းကြောင့် ည ၁၀ နာရီအထိပြေးဆွဲရန် ယာဉ်ပိုင်ရှင်များနှင့်ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။



“ ကျွန်တော်တို့ဘက်က အချိန်ကို သတ်မှတ်ပေးပြီးသားပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့အချိန်အတိုင်း မပြေးဆွဲကြဘူး။ အဲဒီလိုပြေးဆွဲနေတဲ့အထဲမှာ တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေကအများဆုံးဖြစ်နေတယ်။ ကုမ္ပဏီပိုင်ကားတွေက ပြေးဆွဲကြတယ်။ ၂၄ နာရီဝန်ဆောင်မှုပေးတဲ့ ယာဉ်လိုင်းတောင် ရှိသေးတာပဲ။ ဒါကြောင့် ခရီးသည်တွေအားလုံးအဆင်ပြေစေဖို့အတွက် ယာဉ်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းနေတယ်။ ည ၁၀ နာရီအထိ ပြေးဆွဲပေးဖို့ပါ။ မကြာခင် အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ကြားကားစနစ် ပပျောက်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
YRTA မှ ကြားကားပြေးဆွဲမှုကို ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားသော်လည်း ယာဉ်လုင်းပြေးဆွဲမှု လိုအပ်ချက်အရ ထိရောက်သည့်အရေးယူမှုမပြုသေးဘဲ ဥပဒေနှင့်အညီသာ ထိန်းကျောင်းရဦးမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ကသာ ကြားကားကိုဖမ်းလို့ ပြောတာ။ ကြားကားကို ဖမ်းလို့ရှိရင် ခရီးသည်တွေက ညဘက် ဘယ်ကားစီးပြီး အိမ်ပြန်ရမလဲ။ သူတို့ဘက်ကလည်း ယာဉ်တွေကိုအချိန်မှန်ပြေးဆွဲပေးဖို့လိုအပ်တယ်။ သူတို့ဘက်က ယာဉ်လိုင်းတွေကိုသာ အချိန်မှန်ဆွဲပေးရင် ဒီကြားကားစနစ်ကရှိမှာတောင် မဟုတ်ဘူး။ သူတို့ဘက်ကလည်း လိုအပ်မှုရှိတယ်။ ဖမ်းတာက ကျွန်တော်တို့ဘက်ကဖမ်းပေးလို့ရတယ်။ ခရီးသည်တွေကို ပြန်ကြည့်ရတယ်” ဟု အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၀၀ နှင့် ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေပြီး ည ၉ နာရီအထိသာ ပြေးဆွဲကြခြင်းများကြောင့် ခရီးသည်များ အခက်ကြုံတွေ့နေရကာ အဆိုပါယာဉ်ရှားပါးခြင်းကို အခွင့်ကောင်းယူ၍ ကြားကားစနစ်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment