Monday, May 27, 2019

မြစ်ကျောက်စုပ်ယူမှုကို ဟန့်တားသည့် တောင်သူများအား တရားစွဲမည်ဟုဆို

မြစ်ကြောင်းအတွင်း၌ မြစ်ကျောက် စုပ်ယူနေသည်ကို ဟင်္သာတမြို့၊ ရွှေကူကျွန်း ရှိ ဒေသခံကိုင်းတောင်သူများက ဟန့်တားနှောင့်ယှက်မှုနှင့်ပတ်သက်၍ တရားစွဲဆိုရန် စီစဉ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းလိုင်စင်ရထားသူ ဦးနေမျိုးဝင်းက ပြော ကြားသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ရွှေကူကျွန်းအရှေ့တစ်ဖက်ကမ်း ဧရာဝတီမြစ်ကြောင်းတွင် ပဲခူးတိုင်းဒေသကြီး၊ နယ်နိမိတ်ဧရိယာလုပ်ပိုင်ခွင့်လိုင်စင်ကို ဧပြီလ ၁၁ ရက်နေ့ကရရှိခဲ့ရာ အဆိုပါလုပ်ကွက်တွင် စက်လှေများဖြင့် မြစ်ကျောက်စုပ်ယူနေစဉ် ဦးအုန်းလှိုင်ဆိုသူ ဦးဆောင်သည့် ဒေသခံများက တုတ်၊ ဓား လက်နက်များဖြင့် ဟန့်တားနှောင့်ယှက်သည့်အပြင် စက်လှေများကိုပါ အဓမ္မဆွဲယူခဲ့ခြင်းကြောင့် တရားစွဲဆိုရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။



ပဲခူးတိုင်းလိုင်စင်ရ မြစ်ကျောက်စုပ်လုပ်ငန်းမှာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရွှေကူရပ်ကျွန်း နယ်နိမိတ်အတွင်း တရား မဝင်မြစ်ကျောက်ခိုးထုတ်နေခြင်းကြောင့် ဒေသခံတောင်သူများက အကြိမ်ကြိမ် တားမြစ်ခဲ့ကြောင်း၊ သို့သော် မေလ၂၅ ရက် နေ့နံနက်တွင် စက်လှေသုံးစင်းက လာရောက် ထုတ်ယူနေခြင်းကြောင့် တောင်သူတစ်ရာ ကျော်သည် ဝိုင်းဝန်းတားဆီးကာ သက်ဆိုင်ရာထံ အကြောင်းကြားခဲ့ရာတွင် စက်လှေများက ထွက်ပြေးတိမ်းရှောင်သွား ခဲ့ကြောင်း တောင်သူလည်းဖြစ် ရာအိမ်မှူး ဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

အဆိုပါ မြစ်ကျောက်စုပ်လုပ်ငန်း များကြောင့် ရွှေကူကျွန်း၊ ပခန်းကျွန်း၊ တောင်လုံးစု၊ ဖောင်ချောင်း၊ ရွာလေးနှင့် စစ်ကုန်းစသည့် ကျေးရွာများက တောင်သူ များ၏ကိုင်းစိုက်ဧကထောင်ချီဆုံးရှုံးခဲ့ရ ကြောင်း ဒေသခံတောင်သူများက ပြော ကြားသည်။

ယင်းကျေးရွာများအနီးတွင် ပဲခူးတိုင်း၊ မြစ်ကျောက်လုပ်ကွက်များကို အခြေခံ၍ ဧရာဝတီရေလမ်းကြောင်း နယ်နိမိတ်အတွင်း ကျောက်စုပ်စက်လှေ အစင်း၄၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက် ထုတ်ယူနေကြောင်း၊ မေလ ၂၅ ရက် နေ့က ကျူးကျော်ထုတ်ယူနေသည့်လုပ်ကွက်မှာ ပဲခူးတိုင်းလုပ်ပိုင်ခွင့်လိုင်စင်ဖြစ် ပြီး စက်လှေသုံးစင်းဖြင့် ခိုးထုတ်နေခြင်း ဖြစ်၍ အဆိုပါစက်လှေများမှာ ဟင်္သာတမြို့၊ ကမ်းများအနီးကပ်လျက်တစ်နေရာမှ တစ်နေရာသို့ နေ့စဉ်ပြောင်းလဲထုတ်ယူနေ သည်ကို ဒေသခံများအနေနှင့် သည်းခံ မည်မဟုတ်တော့ဘဲ ထိထိရောက်ရောက် အရေးယူနိုင်ရန် ဟန့်တားသွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ဆက်လက်ပြော ကြားသည်။

မြစ်ကျောက်ထုတ်ယူမှုနှင့်ပတ်သက်၍ ဟင်္သာတခရိုင်၊ နယ်နိမိတ်မှ မအူပင်မြို့အထိ မြစ်ကျောက်ထုတ်ယူခွင့်ကို လုံးဝ ပိတ်သိမ်းသွားမည်ဖြစ်ပြီး သဲထုတ်ယူခွင့်သာချထားပေးရန် အစိုးရအဖွဲ့က ဆုံးဖြတ် ထားကြောင်း၊ မြစ်ကျောက်တစ်ကျင်း ထုတ်ယူလျှင် သဲကျင်းရေနှစ်ဆယ်ခန့် ထွက်ရှိခြင်းကြောင့် ကမ်းပါးထိခိုက်မှုများ ရှိနိုင်ပြီး တရားမဝင်မြစ်ကျောက်စုပ်လုပ်ငန်း များကို ဖမ်းဆီးရမိပါက ထိရောက်စွာ အရေးယူနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ဟင်္သာတခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

No comments:

Post a Comment