Monday, May 27, 2019

ကျောက်တော် စပါးဆိပ်မှ အသက် ၇၅ နှစ်အရွယ် လူကြီးတစ်ဦးပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စပါးဆိပ် ကျေးရွာမှ အသက် ၇၅ အရွယ် လူကြီး တစ်ဦးသည် မေလ ၂၁ ရက်က သူ၏ ဥယျာဉ်ကိုသွားရာမှ ယနေ့ထိ ရှာမတွေ့ဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုများက ပြောကြားသည်။ေ ပျာက်ဆုံးနေသူမှာ ဦးစံချေလှ (၇၅) နှစ်ဖြစ်ကြောင်း သိရသည်။



သူ၏ ဆွေမျိုးတော်သူ တစ်ဦးက “ သူ့မှာ မဟာမုနိဘုရား အရှေ့ဘက် ပစိုင်းချောင်းမှာ ဥယျာဉ်ရှိပါတယ်။ အဲဒီဥယျာဉ်မှာ ငှက်ပျောပင်တွေ၊ ပိန္နဲပင်တွေ ရှိပါတယ်။ အဲဒီက မှည့်နေတဲ့ အသီးတွေ ဆွတ်ခူးဖို့သွားရာကနေ ပျောက်နေတာပါ။ မေလ ၂၁ ရက် နံနက် ၈ နာရီ ကတည်းက ထွက်သွားတာပါ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ထိုကဲ့သို့ ပျောက်ဆုံးနေသည်ကို ယနေ့ထိ နီးစပ်ရာ ရဲစခန်းတွင် တိုင်ကြားမှု မပြုလုပ်ရသေးဟု သိရသည်။

“ မိသားစုတွေက လိုက်ရှာကြပါတယ်။ သူရဲ့ ထမ်းပိုးကို ဥယျာဉ်ထဲမှာ တွေ့တယ်။ သူက ဥယျာဉ်ကနေ အပြန်မှာ ပျောက်သွားပုံရပါတယ်။ ပျောက်တာလည်း ၇ ရက်တောင် ရှိနေပြီဆိုတော့ မိသားစုတွေက အရမ်းစိုးရိမ်နေကြပါတယ်။ ရှင်လား၊ သေလား၊ မသိရ ဖြစ်နေပါတယ်။ ကျွန်တော်ရွာက မဟာမုနိဘုရားရှေ့ ဇီးချောင်းဆည်အောက်မှာ တည်ရှိပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ လူကြီး တစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့မ ရဲစခန်းမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

စပါးဆိပ်ကျေးရွာသည် ရခိုင်ရွာကြီး တစ်ရွာ ဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment