Monday, May 27, 2019

စက်ရေတွင်းမှ ရေငန်သာထွက်ရှိပြီး သောက်သုံးရေလိုအပ်နေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေသွားရောက်လှူဒါန်း

စက်ရေတွင်းက ရေငန်သာထွက်ရှိပြီး သောက်သုံးရေလိုအပ်နေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ မေ ၂၆ ရက်က သောက်သုံးရေသွားရောက် လှူဒါန်းခဲ့သည်။ ကန်ရေခန်းခြောက်သွားသည့်အတွက် သောက်သုံးရေအခက်အခဲကြုံတွေ့နေရပြီး စက်တွင်းရေငန်ကိုသာ သုံးစွဲနေရခြင်းကြောင့် Eleven Media Group ရေလှူဒါန်းမှု အစီအစဉ်သို့ အရေးပေါ်အကူအညီ တောင်းခံလာခြင်းကြောင့် ရေချိုသွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။



နေ့အပူချိန်မြင့်တက်ခြင်းနှင့် ကန်ရေခန်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေရှားပါးနေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ယခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် ရေသွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“လက်ရှိက မီးကလည်းမမှန်တော့ ရွာစက်တွင်းကို ရေသိပ်မရဘူး။ သုံးရေအတွက်ကို အလျဉ်မီအောင် အတော်လုပ်နေရတယ်။ ရွာစက်တွင်းက သုံးရေနဲ့ နွားတိုက်ဖို့ပဲရတယ်။ ရေကငန်တော့ ထမင်းချက်လည်း ဝါပြီး အစိုအတိုင်းပဲ။ သောက်ရင်လည်း ဆီးအောင့်တယ်။ သောက်ရေကတော့ ကန်ရေအားထားရတယ်။ ကန်ကလည်း မနှစ်က မိုးမကောင်းတော့ ရေသိပ်မရလိုက်ဘဲ ပြာသိုလလောက်ကတည်းက ရေကုန်သွားတယ်။ ရေရှားတာတော့ သုံးလလောက်ရှိပြီ။ အလှူရှင်အားကိုးနေရတာ။ ဝယ်သုံးဖို့ဆိုတာလည်း ရေလာရောင်းတဲ့ ကားလာမှရတာ” ဟု ကန်နီပေါက်ရွာမှ ကိုအောင်ဇော်က ပြောကြားသည်။

လက်ရှိ နွေကာလတွင် သောက်သုံးရေအတွက် အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေကို အားထားသုံးစွဲရပြီး သောက်သုံးရေ ပြတ်လပ်ချိန်တွင် ရေတစ်စည် ၂၀ဝ၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲရကြောင်း ဒေသခံများထံမှ သိရသည်။

သောက်သုံးရေ ရှားပါးနေသည့် ကန်နီပေါက်ကျေးရွာနှင့် ကျောက်ကန်ကျေးရွာများသို့ ရေလှူဒါန်းခြင်း အပါအဝင် အခြားသော ရေရှားပါးသည့်ဒေသများ လှူဒါန်းရန်အတွက် ကိုမြတ်ထွန်း + မမင်းကျော့်စံထွန်း(ပခုက္ကူ )က ကျပ် ၃၅၀ဝ၀၊ ( ဦးသန်း + ဒေါ်တင်ထွေး) အားရည်စူး၍ ကျန်ရစ်သူမိသားစုက ကျပ် ၃၅၀ဝ၀၊ မောင်တိုးတက်ကြည် ခြောက်နှစ်ပြည့် မွေးနေ့အလှူ  ကျပ် ၂၀ဝ၀ဝ၊ ဦးအုန်းနိုင် + ဒေါ်ခင်သွဲ့မြင့် (ဖြူးမြို့)မှ ကျပ် ၅၀ဝ၀ဝ တို့အား Eleven Media Group ရေလှူဒါန်းမှုသို့ ပါဝင်လှူဒါန်းခဲ့သည်။

ညောင်ဦးနှင့် ပခုက္ကူခရိုင်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများအား အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ဖေဖော်ဝါရီလကုန်ပိုင်းမှ ယခုမေလကုန်ပိုင်းထိ ရေဂါလံ သုံးသိန်းကျော်လှူဒါန်းခဲ့ပြီး ၂၀၁၆  ခုနှစ် မှ ၂၀၁၉ ခုနှစ် မေလထိ ရေဂါလန် နှစ်သန်းနီးပါး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှပံပိုးသည့် ရေသယ်ယာဉ်ဖြင့် လာမည့် မေ ၂၇ ရက်နေ့ စုတည်ကျေးရွာ ၊ ၂၈ ရက်နေ့ အိုးပြွန်ကျေးရွာ၊ ၂၉ ရက်နေ့တွင် ဥက္ကံကျေးရွာများသို့ ရေဆက်လက်လှူဒါန်းပေးမည် ဖြစ်သည်။

မိုးရွာသွန်းမှုနည်းပါးခြင်း၊ လျှပ်စစ်မီး မလုံလောက်ခြင်းနှင့် နေ့အပူချိန်မြင့်တက် ခြင်းတို့ကြောင့် ရေလိုအပ်ချက်များပြားလာပြီး အချို့သော ကျေးရွာများမှာ ကန်ရေခန်းခြောက်ခြင်း၊  စက်ရေတွင်း ချို့ယွင်းခြင်းများကြောင့် ရေရှားပါးမှု ပိုမိုကြုံတွေ့လာကြောင်း သိရသည်။ 

No comments:

Post a Comment